ရန်ကုန် ၆ ဇူလိုင်
ရန်ကုန်မြစ်ကို နေ့စဉ်ဖြတ်သန်း၍ ခရီးသွားများကို စက်တပ်သမ္မာန် ၆၀ဝ ကျော်ဖြင့်ဝန်ဆောင်မှုပေးလျက်ရှိရာ သင်တန်းတက်ရောက်ထားသူများကိုသာ စက်သမ္ဗန်မောင်းနှင်ခွင့်ပြုထားကြောင်း သိရသည်။
“စက်သမ္ဗန်မောင်းနှင်သူဟာ သင်တန်းတက်ပြီးသားဖြစ်ရပါ့မယ်။ သင်တန်းတက်ပြီးသူပဲ မောင်းနှင်ခွင့်ရှိတယ်။ မြစ်ထဲမှာပန်ကာဒိုက်ပတ်ပြီးစက်ရပ်သွားရင် အန္တရာယ်ရှိတယ်။ အဲ့ဒိအခါစက်ရပ်ရင် လိုရာခရီးကို တက်နဲ့လှော်တတ်ရမယ်။ ရန်ကုန်ဘက်ကမ်းနဲ့ ဒလဘက်ကမ်းက အရေးပေါ် သမ္ဗန်တွေက အကူအညီအမြန်ပေးရမှာဖြစ်တဲ့အတွက် သင်တန်းတက်ပြီးသူတွေပဲ စက်သမ္ဗန် မောင်းနှင်ခွင့်ပြုတာပါ။ ဒါကိုအသိပေးတာတွေ၊ ညွှန်ကြားချက်တွေပေးထားပါတယ””ဟု ဒလမြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကပြောသည်။
ရန်ကုန်မြစ်ပြင်သည် ရုတ်တရက်လေပြင်းနှင့်လှိုင်းလေထန်တတ်သောကြောင့် ပန်းဆိုးတန်း ဆိပ်ကမ်းမှ ပြေးဆွဲလျက်ရှိသော ချယ်ရီသင်္ဘောစီးနင်းသည့် ခရီးသွားများအတွက်အခက်အခဲမရှိနိုင်သော်လည်း စက်တပ်သမ္ဗန်စီးနင်းသော ခရီးသွားများအတွက်အသက်အန္တရာယ်ရှိသောကြောင့် ရေဆန်၊ လေဆန်တွင် မောင်းနှင်တတ်ခြင်း၊ ကောင်းကင်နီလာပါက အချိန်အနည်းငယ်အတွင်း လေနီကြမ်းတိုက်ခတ်မည်ကိုသိရှိခြင်း၊ ဆိပ်ကမ်းအာဏာပိုင်မှထုတ်ပြန်သော ရာသီဥတုသတိပေးချက်ကို သတိပြုလိုက်နာ၍ သမ္မာန်ပြေးဆွဲခြင်းတို့သည် သင်တန်းတက်ရောက်သူများသာ သိရှိသည့်အတွက် ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန်ပြေးဆွဲရာ၌ သင်တန်းတက်ရောက်ပြီးသူများသာ ပြေးဆွဲခွင့်ပြုခြင်းဖြစ်သည်။
ဒလမြို့နယ်မှရန်ကုန်ဘက်သို့ နေ့စဉ်ခရီးသွား ၆ သောင်းခန့်သွားလာလျက်ရှိရာ ၃သောင်းခန့်မှာ ချယ်ရီသင်္ဘောဖြင့် သွားလာလေ့ရှိပြီး လူဦးရေ ၃ သောင်းခန့်မှာ သမ္မတဆိပ်ကမ်းမှ တာကြီးရပ်ကွက်ဆိပ်ကမ်းထိ ဆိပ်ကမ်း ၁၁ ခုမှ စက်တပ်သမ္မာန် ၆၀ဝ ကျော်ဖြင့်လည်းကောင်း ရန်ကုန်ဘက်ကမ်းသို့ နေ့စဉ် ခရီးသွားဝန်ဆောင်မှု ပေးလျက်ရှိကြောင်း ခရီးသွားပြုစုထားသောစာရင်းများအရ သိရသည်။
ရန်ကုန်မြစ်ပြင်ကို ဖြတ်သန်းသွားလာလျက်ရှိသော ခရီးသွားများအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရန် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စက်တပ်သမ္မာန် ကြီးကြပ်မှုကော်မတီတို့ပူးပေါင်း၍ ဆိုးရွားသောရာသီဥတုအခြေအနေနှင့် ထူးကဲဒီရေဖြစ်ပေါ်ပါက မြိုနယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှ အသံချဲ့စက်ဖြင့် အသိပေးကြေညာလျက်ရှိပြီး သင်္ဘောဖြင့်သာခရီးသွားလာရန် သတိပေးလျက်ရှိသည်။
ဒလမှ ရန်ကုန်ဘက်ကမ်းသို့ ခရီးသွားပို့ဆောင်လျက်ရှိသော စက်တပ်သမ္မာန်မောင်းနှင်သူများ အရက်သေစာ သောက်စား၍ မောင်းနှင်ခြင်းမပြုရန် အထူးကြပ်မတ်ထားပြီး ခရီးသွားများ အသက်အန္တရာယ်ကင်းရှင်းရန် အသက်ကယ်အင်္ကျီဝတ်ဆင်ပြီးမှသာ စက်သမ္မာန်စီးနင်းကြရန်နှင့် သင်တန်းတက်ရောက်ပြီးသူများသာ စက်တပ်သမ္မာန် မောင်းနှင့်ခွင့်ပြုထားကြောင်း စက်တပ်ရေယာဉ်ကြီးကြပ်မှုကော်မတီမှ သိရသည်။
သန်းထိုက်၊ ဓာတ်ပုံ - သစ္စာ


