တီးတိန်   ၆   ဇူလိုင်  

 

ချင်းပြည်နယ် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံအတွင်း ပြင်ပအလှူရှင်များ၏လှူဒါန်းငွေများဖြင့် အထူးကြပ်မတ် ကုသဆောင်(Isolation/ICU) အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများ အမြန်ဆုံး ပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းတီးတိန်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ပံ့ပိုးရေး ကော်မတီထံမှ သိရသည်။

 

“  နောက်ဆုံး လူ့အသက်ကိုကယ်တဲ့နေရာအဆင့်အတွက် Isolation/ICU ကို ပြင်ဆင်နေတာပါ။ လူ့အသက်ကို နောက်ဆုံးနေရာကနေ ကယ်တင်တာဖြစ်တဲ့အတွက် ကျွမ်းကျင်တဲ့ သူနာပြုတွေ၊ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ ပါရဂူတွေလိုပါတယ်။ အဲဒီအဆင့်အတွက် ခုတင် ၁၀ဝ ဆံ့ ဆေးရုံဖြစ်တဲ့အတွက် ပြင်ဆင်ပေးသင့်တယ်ဆိုပြီး လိုအပ်တာတွေ တင်ပြတောင်းခံထားပါတယ်။ ပြည်နယ် အစိုးရကလည်း အထက်ကိုတင်ပြတောင်းခံပေးထားပါတယ် ” ဟု တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မြင့်နိုင်က ပြောသည်။

 

အဆိုပါ အထူးကြပ်မတ်ကုသဆောင်ကို မေ ၁၉ ရက်က စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး အလျား ၄၈ ပေ၊ အနံ ၂၄ ပေရှိ အခန်းလေးခန်းပါဝင်မည့် နှစ်ထပ်ဆောင်ဖြစ်ကြောင်း၊ လတ်တလော လိုအပ်ချက် အနေဖြင့် အထူးကြပ်မတ် ကုသဆောင်အမြန်ပြီးစီးရေး၊ အသက်ရှူစက်(Oxygen Plant) အမြန် တပ်ဆင်ရေး၊ မီးစက်(Generator)တစ်လုံး အမြန်တပ်ဆင်နိုင်ရေးတို့အတွက် ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်မှ အလှူရှင်များ၏ ပံ့ပိုးကူညီထည့်ဝင်ငွေဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် လှူဒါန်းငွေကျပ်သိန်း ၁၃၀ဝ ကျော်ရရှိထားပြီးဖြစ်ကြောင်း တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ပံ့ပိုးရေးကော်မတီ၏ အတွင်းရေးမှူး ဦးဝုန့်ဆွင်းမုန်ထံမှ သိရသည်။

 

“ အထူးလိုအပ်နေတဲ့ကြပ်မတ်ကုသဆောင်နှစ်ထပ်ကို အမြန်ဆုံးတည်ဆောက်နေပါတယ်။အပေါ်ထပ်က ကူးစက်မြန်တဲ့ ရောဂါလူနာထားဖို့ Intensive Care Unit(ICU)၊ အောက်မှာက ကူးစက်ရောဂါမဟုတ်တဲ့ အခြားရောဂါ အရေးပေါ်လာရင်ထားဖို့ သီးသန့်ဆေးကုသဆောင်(Isolation)ထားမယ်။ ဒီမှာကလည်း ခုတင် ၁၀ဝ ပဲရှိတာ ဆိုတော့ သီးသန့်ထားဖို့ကျတော့ လူနာက အသည်းအသန် ဖြစ်လာလို့ တခြားမြို့နယ်တွေ ပို့မယ်ဆိုရင်လည်း အဆင်မပြေဘူး။ အဲဒါကြောင့်မိုလို့ အခုဒီအထူးကြပ်မတ် ကုသဆောင် တည်ဆောက်နိုင်ဖို့အတွက် ကော်မတီဖွဲ့ပြီး ရပ်မိရပ်ဖတွေ ရပ်ဝေး ရပ်နီးအလှူရှင်တွေ၊ ဒေသခံ ပြည်သူတွေ၊ လူငယ်လူမှုမှုကူညီရေးနဲ့ ဘာသာရေးအသင်းအဖွဲ့တွေ၊ မြို့ပေါ် စေတနာ့ဝန်ထမ်း( Volunteer) တွေက ဝိုင်းဝန်းကူညီဆောက်လုပ်ပေးနေကြပါတယ်။ အဆောက်အအုံပြီးသွားရင်တော့ ကျန်းမာရေးဌာနကို အပြီးလွှဲပြောင်းပေးအပ်သွားဖို့ဖြစ်ပါတယ် ” ဟု တီးတိန်မြို့ပြည်သူ့ဆေးရုံကြီး အရေးပေါ် ပံ့ပိုးရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ခန့်လျန်းက ပြောသည်။

 

လက်ရှိတွင် အထူးကြပ်မတ်ကုသဆောင်အတွက် နိုင်ငံတော်အစိုးရနှင့်ပြည်ပမှပေးပို့သော အဆင့်မြင့် လူနာ ခုတင်ခုနစ်လုံးနှင့် အခြားဆေးရုံသုံးပစ္စည်းအမျိုးပေါင်း ၁၀ဝ ကျော်ရောက်ရှိလာပြီဖြစ်ကြောင်း၊ တည်ဆောက်ခြင်း လုပ်ငန်းပိုင်းအနေဖြင့် ၄၀ ရာခိုင်နှုန်းပြီးစီးနေပြီး ယခုအခါ ပထမထပ် ကျောက်သွေး လောင်းရန် အောက်ခံပြားခင်းခြင်းနှင့် သွပ်မိုးရန်တိုင်များ တပ်ဆင်ပြီးဖြစ်ကြောင်း၊ အထူးသဖြင့် အသက်ရှူစက်(Oxygen Plant)နှင့် ကျွမ်းကျင်သည့် ဆရာဝန်၊ ပါရဂူ၊ သမားတော်၊ ကျန်းမာရေးသုံး စက်ပစ္စည်းကိုင်ဆရာဝန်များနှင့် သူနာပြုစသည့် ကျန်းမာရေး ဝန်ထမ်းအင်အား ဖွဲ့စည်းပုံများကို နိုင်ငံတော်အစိုးရက ဖြည့် ဆည်းပေးရန်မျှော်လင့်ကြောင်း၊ လာမည့် ၂၀၂၁ ခုနှစ်တွင် တီးတိန်မြို့ခုတင် ၁၀ဝ ဆံ့ပြည်သူ့ဆေးရုံ၏ နှစ် ၁၀ဝ ပြည့် ဖြစ်သည့်အတွက် ယခုတည်ဆောက်နေသည့် အထူးကြပ်မတ် ကုသဆောင်ကိုလည်း ရာနှုန်းပြည့်ပြီးစီး၍ ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီး အရေးပေါ် ပံ့ပိုးရေးကော်မတီ၏ တွဲဖက်အတွင်းရေးမှူး ဦးအင်းဇစိန်က ပြောကြားသည်။

 

တီးတိန်မြို့ ပြည်သူ့ဆေးရုံကြီးသည် ခုတင် ၁၀ဝ ဆံ့ပြည်သူ့ဆေးရုံဖြစ်ပြီး အဆိုပါ ဆေးရုံတွင် ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံထားရသည့် လူနာခုနစ်ဦးအထိ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ လက်ရှိ အချိန်တွင် ပိုးကူးစက်ခံ ထားရသည့် လူနာမရှိတော့ဘဲ ရောဂါပိုးကင်းစင်သည့်အချိန်ဖြစ်ကြောင်း၊ အဆိုပါ ဆေးရုံတွင် COVID-19 ရောဂါကူးစက် ခံထားရသည့် လူနာများ နေထိုင်မေကာင်းဖြစ်သည့်အခါ ဆေးကုသပေးရန် အဆောင်မရှိသည့်အခက်အခဲနှင့် ရင် ဆိုင်နေရသဖြင့် တီးတိန်မြို့မှ ပြည်သူများ စုပေါင်း၍ ပြည်တွင်းပြည်ပမှ အလှူရှင်များကိုဖိတ်ခေါ်ကာ အထူးကြပ်မတ် ကုသဆောင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)