မြောက်ဦး   ၆  ဇူလိုင်

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိနိုင် ရန်ဆောင်ရွက်လျက်ရှိသည့် ရေပေးဝေရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအား ယမန်နေ့ နံနက် ၉ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေပေးဝေရေးလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြု ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီဖြစ်သည့်"Royal Sea View" ကုမ္ပဏီမှ ဇင်္ဂလနီကုန်းကျေးရွာ၊ ပုရိန်ကုန်းကျေးရွာနှင့် ပီပင်ကုန်းကျေးရွာတို့တွင် အကျယ် ၈ ပေ၊ အနက် ၂၅ ပေရှိသောရေတွင်းများအား တာဝန်ယူတူးဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ ဆောင်ရွက်ပြီးစီးမှုများနှင့် ပတ်သက်ပြီး သတ်မှတ်စံချိန်စံနှုန်း အရည်အသွေးပြည့်မှီမှု ရှိ/မရှိကို မြို့ နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူနှင့် တာဝန်ရှိ ဝန်ထမ်းများက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

မြောက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၄ ရွာတွင် ရေကန် (၇)ကန်၊ ရေတွင်း (၇)တွင်း အားတူးဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ထောင်စု ၁၈၆၁ စုမှ လူဦးရေ ၉၅၇၃ ဦးတို့မှာ သောက်သုံးရေများ ဖူလှုံစွာရရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

 

တင်ထွန်းဦး(ပြန်/ဆက်)