မန္တလေး ၆ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင် အတွင်းရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ကိုဗစ်-၁၉ ၏ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာစေရေး မွေးမြူထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည် ဖော်ဆောင်ခြင်း ပညာပေးသင်တန်းများဖွင့်လှစ်သွားမည် ဖြစ်ပြီး သင်တန်းများကို ယခုလ မှ စတင်၍ စက်တင် ဘာလအထိ ပုသိမ်ကြီးမြို့နယ်နှင့်အမရပူရမြို့နယ်တို့တွင် အခမဲ့ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ မန္တလေးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ သိရသည်။
မန္တလေးခရိုင်အတွင်းရှိ မြို့နယ် (၇)မြို့နယ် မှာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများတဲ့ ပုသိမ်ကြီး မြို့နယ်နဲ့ အမရပူရမြို့နယ်တွေမှာ သင်တန်းတွေပေးသွားမှာပါ၊ သင်တန်း(၆)မျိုးပေးမှာပါ၊ ပုသိမ်ကြီး မြို့နယ်မှာ နေရာ(၆)နဲ့ အမရပူရမြို့နယ်မှာ နေရာ(၅)နေရာ ခွဲပြီး ဖွင့်လှစ်သွားမှာပါ၊ သင်တန်းတစ်ခုကို သင်တန်းသား(၁၀ဝ)ဦး အား အဖွဲ့ခွဲပြီး သင်ကြားပေးသွားမှာပါ၊ သင်တန်းတစ်ခုကို သုံးရက်ကြာ ပါမယ်၊ မွေးမြူရေးလုပ်ကိုင်နေသူတွေကို ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်ပံ့ပိုးငွေနဲ့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ယခုဘဏ္ဍာနှစ် မကုန်မီ ဇူလိုင်လ မှ စက်တင်ဘာလအထိ သင်တန်းပေးသွားမှာပါ ဟု မန္တလေးခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဒေါက်တာအေးကြည် က ပြောကြားသည်။
သင်တန်း(၆)မျိုးကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနဆိုင်ရာများ ပူးပေါင်းကာ အခမဲ့ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ သင်တန်း(၆)မျိုးမှာ တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှု သင်တန်း၊ ဝက်မွေးမြူထုတ်လုပ်ခြင်း သင်တန်း၊ သိုး/ဆိတ် မွေးမြူထုတ်လုပ်ခြင်း သင်တန်း၊ ကြက်မွေးမြူထုတ်လုပ်ခြင်း သင်တန်း၊မေထုန်မဲ့သားစပ်သင်တန်းနှင့် ကျွဲ/နွား မွေးမြူထုတ်လုပ်ခြင်း သင်တန်း တို့ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ သင်တန်းများကို တိရစ္ဆာန်မွေးမြူရေးလုပ်ကိုင်နေသူများအား မှန်ကန်တိကျပြီး လက်တွေ့ကျသည့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်မှုနည်းလမ်းများနှင့် တိရစ္ဆာန်မွေးမြူရေး နည်းလမ်းများကို ဖြန့်ဝေပေးနိုင်ရန်၊ မွေးမြူရေးလုပ်ကိုင်နေသူများအား ကိုဗစ်-၁၉ ၏ ထိခိုက်မှုများမှ ကြံ့ကြံ့ခိုင်နိုင်စေရေး ပံ့ပိုးပေးရန်၊ပြည်သူများ ဘေးကင်းပြီး အဟာရပြည့်ဝသည့် အသားများ စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ရန်နှင့် ပညာပေးသင်တန်းများမှတဆင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်လာနိုင်ပြီး မွေးမြူရေးလုပ်ကိုင်သူများနှင့်ပြည်ပမှ ပြန်လာသော လုပ်သား များကို မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် နှင့် မွေးမြူသူ အချင်းချင်း ပညာပေးနိုင်မည့် အစီအစဉ်များကိုလည်းဖော်ဆောင်သွားရန် အစရှိသော ရည်ရွယ်ချက်များဖြင့် အသိပညာပေး သင်တန်းများအား ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


