ရန်ကုန် ၆  ဇူလိုင်

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင် နှင့်အတူ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ညောင်တုန်းမြို့ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ ညောင်တုန်းမြို့ (၂၂)လမ်းထိပ်၊ သွန်းဘုရားကြီးပိုင်းရပ်ကွက် အခြေခံပညာမူလ တန်းကျောင်း ယာယီရှင်းလင်းဆောင်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အရေးပေါ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ညောင်တုန်းမြို့ ကမ်းထိန်းလုပ်ငန်း ဘိုးပိုင်အခြေပြု ကျောက်ပြားကပ်တမံ အလျားပေ (၆၅၀)  လုပ်ငန်းတစ်ရပ်လုံး တင်ဒါအောင်မြင်ခဲ့သည့် အာရုံဦး ဆောက်လုပ်ရေး ကုမ္ပဏီက ၂၀၂၀ ခုနှစ်၊ မတ်(၃) ရက်မှ စတင်၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် (၄) ရက်ထိ (၉၃) ရာခိုင်နှုန်း ပြီးစီးမှု၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အရေးပေါ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ထူပါရုံဘုရား ကမ်းထိန်းလုပ်ငန်း ဇူလိုင် ၃၀ ရက်တွင် (၁၀ဝ) ရာခိုင်နှုန်း ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းဌေး၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရ မူလခွင့်ပြုရံပုံငွေဖြင့် ပုသိမ်မြို့ကမ်းနားလမ်း တိုးချဲ့ခြင်း အလျားပေ (၃၉၀) လုပ်ငန်းအားဆောင်ရွက်ခဲ့ရာ ယခုအခါ (၉၁) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု၊ ဖြည့်စွက် ခွင့်ပြုရန်ပုံငွေဖြင့် အလျားပေ (၉၀) ထပ်မံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညောင်တုန်းမြို့ ပန်းလှိုင်မြစ်ကမ်း၊ မြို့ပတ်တာ (၂၂) လမ်းထိပ်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က ဖြစ်ပေါ်ခဲ့သော တာရိုး မြေသားနိမ့်ကျမှု ဖြစ်ပေါ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ယခုဆောင်ရွက်နေသည့်လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရေး၊ စနစ်တကျ ရေရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်ရေး၊ တိုင်းဒေသကြီး အတွင်းလုပ်ငန်းများအား မြစ်ရေမတက်မီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)