ကမမောင်း ၆ ဇူလိုင်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး၊ ကမမောင်းမြို့ (တွဲဘက်မြို့နယ်)မှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးစိုးကျော်နှင့် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးအဆင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာစာရေးများက အသက်(၁၈)နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိနိုင်ရေးအတွက် ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကာလ နီးကပ်လာသဖြင့် ဖာပွန်မြို့နယ်၏ အခြေခံမဲစာရင်းများ ကြိုတင်စစ်ဆေးလျက်ရှိရာ မဲဆန္ဒရှင်များစာရင်းတွင် ကိုင်ဆောင်သူ လက်မှတ်နေရာ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ်ရရှိ ကိုင်ဆောင်သူများဖြစ်ပါက ကတ်ပြားနံပါတ် ပြန်လည်ရေးသွင်းခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး တစ်ကြိမ်တစ်ခါမှ နိုင်ငံသားစိစစ်ရေးကတ် ရရှိရန် ဆောင်ရွက်ခဲ့ခြင်း မရှိသူများအား မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ပေးသွားနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်မည့်သူ၏ အိမ်ထောင်စုစာရင်း၊ မွေးသက္ကရာဇ်ထောက်ခံချက်၊ မိဘကိုင်ဆောင်သည့် နိုင်ငံသားကတ်မိတ္တူနှင့် ဓာတ်ပုံတို့ကို နိုင်ငံသား၏ ကိုယ်ရေးမှတ်တမ်း၊ ပုံစံ နိုင်-၂ စာရင်းတွင်ပူးတွဲ၍ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးသွားနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ နိုင်ငံသားလုပ်ငန်းကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံး (တွဲဘက်မြို့နယ်)မှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ ဇူလိုင် ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)


