မြိတ် ၆  ဇူလိုင်

မြိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နေ့လယ် ၂ နာရီက ဆင်ခြေထောက် ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းကို မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

 

အခမ်းအနားတွင် မြိတ်ခရိုင်ဒုတိယ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦးမြင့်ထွန်းက အမှာစကားပြောကြားပြီး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနးမှူး ဒေါက်တာလွင်လွင်မော်က ဆင်ခြေထောက်ရောဂါ ကင်းဝေးဖို့  သန်ချဆေးပေါင်းသောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ ရောဂါဖြစ်နေသူများ ပျောက်ကင်းစေဖို့နှင့် မဖြစ်သေးသူများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လူတိုင်းသောက်ကြရန်နှင့် မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလော၊ ပလောက်မှ ပြည်သူအပေါင်းအား ဆင်ခြေထောက် ရောဂါကင်းဝေးစေရေးအတွက် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၈ ရက်မှ ၁၇ ရက်နေ့အထိ ဆယ်ရက်တိုင်အောင် ဆေးတိုက်ကျွေးရေးအဖွဲ့များဖြင့် အိမ်တိုင်ရာရောက် လိုက်လံ၍ ဆေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ဆင်ခြေထောက် ရောဂါသည် ရေပုပ်ရေဆိုး မြောင်းများတွင် ပေါက်ပွားသော ကျူးလက်စ်ခြင်မှ တစ်ဆင့်ကူးစက်သော ရောဂါဖြစ်ကြောင်း၊ တစ်နှစ်တစ်ကြိမ် တိုက်ကျွေးသော ဆင်ခြေထောက် ရောဂါကာကွယ်ဆေးကို ၅ နှစ် ဆက်တိုက် သောက်သုံးပါက ရောဂါဖြစ်ပွားခြင်းမှ ရာသက်ပန် ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး ရည်မှန်းချက် အောင်မြင်နိုင်စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများ လူမှုအဖွဲ့အစည်းများ ပူပေါင်း၍ အိမ်တိုင်ရာရောက် ဆေးတိုက်ကျွေးမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး(၇)ခု၊ ခရိုင်(၁၅)ခရိုင်နှင့်  မြို့နယ်ပေါင်း (၇၇)မြို့နယ်တို့တွင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ ဆေးတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော အခက်အခဲ များအား ဆွေးနွေးခဲ့ကြပြီး အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ခရိုင် ပြန်/ဆက်