ဗန်းမော် ၆ ဇူလိုင်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် မအူပင်ကျေးရွာတွင် ကွင်းအမှတ်(၁၅၅/က) အရှေ့ကွင်း၊ ဦးပိုင်အမှတ် ၇/၁၊ တောင်သူ ဦးလောစံ၏ ငှက်ပျောပင်များနှင့် ဘိစပ်အပင်များ၌ ကျိုင်းကောင်များ ကျရောက် နေကြသဖြင့် တာဝန်ရှိသူများတို့က ဇူလိုင် ၆ ရက် နံနက် ၉ နာရီခန့်က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါနေရာသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ရာတွင် ၎င်းကျိုင်းကောင်များသည် ယခင်နှစ်ကလည်း ဒေသအတွင်း ကျရောက်ခဲ့သည်ကို တွေ့ရှိဖူးခဲ့ကြောင်းနှင့် ကျိုင်းကောင် အဆင့်အနေဖြင့် (အဆင့်-၂၊ ၃၊ ၄၊ ၅၊ ၆ )များ တွေ့ရှိခဲ့သည်။ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲမှတစ်ဆင့် ရုံးချုပ်သီးနှံကာကွယ်ရေးဌာန၏ အတည်ပြုချက်အရ အဝါရောင် အစက်အပျောက်နှံကောင်(Yellow Spotted Grasshopper) အမျိုးအစားဖြစ်ကြောင်း၊ ကောင်ရေ(၂ဝဝ)ခန့် ကျရောက်နေကြောင်းနှင့် ဖျက်ဆီးမှုအခြေအနေဖြင့်လည်း စီးပွားရေး ထိခိုက်သည်အထိ ကျရောက်မှုမရှိကြောင်း ဗန်းမော်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်ထံမှ သိရသည်။
သီးနှံကာကွယ်နှိမ်နင်းမှုအနေဖြင့် ဂျုံမှုန့်ဖြူပေးခြင်း၊ ကြက်သွန်ဖြူ ဆေးရည်ပက်ဖျန်းခြင်းနှင့် ဆက်စပ်သည့် စပါးခင်းများတွင်လည်း ကြက်သွန်ဖြူဆေးရည် ပက်ဖျန်းခြင်း၊ စပါးခင်းသို့ ကျရောက်လာပါက သက်ဆိုင်ရာဌာနများသို့ အမြန်အကြောင်းကြရန် ဒေသခံတောင်သူများနှင့် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)


