ဇူလိုင် ၇
လွတ်လပ်ရေးကြိုးပမ်းမှုကာလက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံလွတ်လပ်ရေး၊ တိုင်းပြည်ထူထောင်ရေး လုပ်ငန်းများကို အခါမလပ် မိန့်ကြားခဲ့ပါသည်။ ပြည်သူလူထုတစ်ရပ်လုံး နိုင်ငံလွတ်လပ်ရေး၊ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စည်းလုံးညီညွတ်စွာဖြင့် မြဲမြံသောသတိဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမှသာ မျှော်မှန်းထားသည့်အတိုင်း ရရှိနိုင်ကြောင်းတို့ကို မှာကြားခဲ့သည်။
အဓိကမှာ အပြောမဟုတ်၊ စိတ်ခံစားချက်များနှင့်မလုပ်ဘဲ တူညီသော ရည်ရွယ်ချက်များဖြင့် တူတူညီညီ လက်တွေ့အလုပ်လုပ်ကြမှသာ မျှော်မှန်းထားသည့် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ကို ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပသော ဖဆပလ ပြည်လုံးကျွတ်ညီလာခံ သဘင်ကြီး၌ ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။ “ညီညွတ်ရေးဆိုတာ တူညီသော အကျိုး၊ တူညီသော အလုပ်၊ တူညီသော ရည်ရွယ်ချက်ရှိရမယ်။ တစ်တိုင်းပြည်လုံး လူတစ်မျိုးလုံးရဲ့ လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့အကျိုး၊ အဲဒီလိုတူညီ တဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ်၊ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်က ညီညွတ်ချင်ပါတယ် ပြောလို့မဖြစ်ဘူး” ဟု မိန့်ကြားခဲ့သည်။ ။
ကျွန်ုပ်တို့မြန်မာတစ်မျိုးသားလုံးအား သူ့ကျွန်ဘဝမှလွတ်မြောက်ရေးအတွက် အသက်ပေးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း ကျွန်ုပ်တို့နိုင်ငံတော်၏ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် မမေ့မလျော့သောသတိ၊ သစ္စာရှိရှိ၊ တာဝန်သိသိ၊ မလျှော့သော ဇွဲမာန်သတ္တိတို့ဖြင့် ကျွန်ုပ်တို့ပြည်သူ လူထုတစ်ရပ်လုံးက ညီညီညွတ်ညွတ် ဆက်လက် ကြိုးပမ်းအားထုတ်ကြ ရမည်ဖြစ်ပေသည်။
ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည် သူ့ကျွန်ဘဝ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီး၌ အမျိုးမျိုးအဖုံဖုံနှိပ်စက်မှု၊ ညှဉ်းပန်းမှု၊ ခေါင်းပုံဖြတ်မှုများကို ခါးစည်းခံခဲ့ကြရသည်။ ဤခါးသီးသော အတွေ့အကြုံများကြောင့် မြန်မာတစ်မျိုးသားလုံးသည် သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက်ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်တို့ကို အသက်၊ သွေး၊ ချွေးတို့စတေးကာ နည်းလမ်းအဖုံဖုံဖြင့် တော်လှန်ခဲ့ကြသည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်အံ့ဆဲဆဲကာလတွင် နယ်ချဲ့လက်ပါးစေ အမျိုးသားသစ္စာဖောက်တို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် နိုင်ငံ့ခေါင်းဆောင်ကြီးများသည် လွတ်လပ်ရေးကို အသက်နှင့်လဲခဲ့ကြရသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရင်းနှီး ရယူပေးခဲ့သော လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လမ်းညွှန်ခဲ့သော နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာဝပြောရေး တာဝန်များကို ဆက်လက်တည်ဆောက်ရန် နိုင်ငံ့ခေါင်းဆောင် အဆက်ဆက်တို့က ကြိုးပမ်းခဲ့ကြသည်။ လွတ်လပ်ရေးရပြီဆိုသော်လည်း လူအချင်းချင်း ခေါင်းပုံဖြတ်မှု၊ လူအချင်းချင်း နှိပ်စက်အနိုင်ကျင့်မှု၊ လူအချင်းချင်း မတရားပြုမှုတို့မရှိအောင် ဒီမိုကရေစီ ခေါင်းဆောင်များက ဘဝများ ရင်းနှီးပေးဆပ်၍ ဒီမိုကရေစီစနစ်ကို ဆက်လက် အကောင်အထည်ဖော်လျက်ရှိသည်။
ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ လမ်းညွှန်မှာကြားခဲ့မှုများကို မမေ့မလျော့မှတ်သား လိုက်နာပြီး ဒီမိုကရေစီ လောကလူ့ဘောင်ကို တည်ဆောက်လျက်ရှိရာ အောင်မြင်မှုများ၊ အသီးအပွင့်များ ရရှိနေပြီဖြစ်သည်။ ကျွန်ုပ်တို့သည် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်မိန့်ကြားခဲ့သော “တိုင်းပြည်ထူထောင်ရေး လုပ်ငန်းတွေ၊ ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်တဲ့အခါမှာ တိုင်းသူပြည်သား လူထုနဲ့ချီပြီးတော့ လုပ်ငန်းကိုလုပ်မှ အောင်မြင်လိမ့်မယ်” ဟူသည့်မိန့်မှာချက်ကို စွဲမြဲစွာခံယူပြီး ပြည်သူလူထုနှင့် တစ်သားတည်း၊ ပြည်သူလူထု သဘောဆန္ဒနှင့်တစ်ထပ်တည်း လက်တွေ့ အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ပြည်သူလူထုအားလုံး၏ မျှော်လင့်ချက် ဆန္ဒဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများကို ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ဝိုင်းဝန်း၍ ကြိုးပမ်းရမည်ဖြစ်သည်။ ထိုသို့ကြိုးပမ်းမှသာ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ခေါင်းဆောင်များအားလုံး၏ ဂုဏ်ကျေးဇူးများကို မမေ့ရာလည်း ရောက်ပေမည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ အပေါ် ကျေးဇူးသစ္စာစောင့်သိရာလည်း ရောက်ပေမည်။ ။
သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်ကာလတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များအား အောက်မေ့သတိရခြင်းများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေး အတွက်တာဝန်သိသိ၊ သစ္စာရှိရှိ တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ