ဘေဘီလေးတွေ ညညဆို ကောင်းကောင်း မအိပ်လို့ စိတ်ညစ်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ညဘက်မှာ ဘေဘီလေးတွေကို ကောင်းကောင်း အိပ်ပျော်စေမယ့် နည်းလမ်းလေးတွေ မျှဝေပေးပါရစေ။

 

ဘေဘီလေးတွေ ကောင်းကောင်း အိပ်ပျော်စေဖို့

 

အိမ်ရဲ့ ဆည်းလည်းလေးတွေ ကောင်းကောင်း အိပ်ပျော်စေဖို့

 

အိပ်ရာဝင် အလေ့အထလေး လုပ်ပေးပါ

 

ညဘက်ကို အချိန်မှန် အိပ်ရာဝင်စေတာ၊ အိပ်ရာဝင်ရမယ့်အချိန် မိနစ် ၂၀ အလိုလောက်မှာ ဘေဘီလေးကို

 

•           ခြေလက်သန့်စင်ပေးတာ

•           အိပ်ရာဝင် ပုံပြင်ဖတ်ပြတာ

•           အိပ်ရာဝင်တေး ဆိုပြတာ

•           ခပ်ဖွဖွလေး နှိပ်ပေးတာမျိုးလုပ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးကို အိပ်ရာဝင်ချိန် မှန်စေပြီး ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေမှာပါ။

 

ခပ်ဖွဖွလေး နှိပ်ပေးပါ

 

ဘေဘီလေးကို မအိပ်ခင်မှာ အုန်းဆီ ဒါမှမဟုတ် မုန်ညှင်းဆီကို လိမ်းပေးပြီး လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်ပေးပါ။ ဒီလို နှိပ်နယ်ပေးတာက မေမေနဲ့ ဘေဘီလေးတို့ကြားမှာ အချစ်တိုးစေသလို ဘေဘီလေးကိုလည်း ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။ ခြေဖဝါး ခြေထောက်တွေကစလို့ ကျောပြင် လက်မောင်းလေးတွေကို နှိပ်ပေးလို့ ရပါတယ်။

 

မေမေနဲ့ အသားချင်း ထိထားပါ

 

ဘေဘီလေးတွေက မေမေနဲ့ အသားချင်းထိထားတဲ့အခါ စိတ်လုံခြုံမှု ခံစားရပါတယ်။ ဒီအချက်က ဘေဘီလေးတွေကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကို ညအိပ်ရာဝင်တဲ့အခါ မေမေက အသားချင်းထိပြီး ချော့သိပ်ပေးပါ။

 

အနှီး ထုတ်ပေးပါ

 

ဘေဘီလေးကို ချည်သား အနှီးကို မပွမချောင် သက်တောင့်သက်သာ အနေအထား ထုတ်ပေးတာက ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ သက်တောင့်သက်သာ ရှိမှုကို ခံစားရစေပြီး ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

 

နေရောင်နဲ့ ထိတွေ့စေပါ

 

ဘေဘီလေးတွေက ဗိုက်ထဲက ထွက်လာချိန်မှာ သူတို့လေးတွေရဲ့ ဇီဝနာရီက မမှန်သေးပါဘူး။ ဒါကြောင့် နေ့ဘက်မှာ အိပ်နေပြီး ညဘက်ကျ မအိပ်တာမျိုး ဖြစ်ကြတာပါ။ ဒီ ပြဿနာက ကင်းစေဖို့ဆိုရင် ဘေဘီလေးကို မနက်ခင်း နေခြည် နွေးနွေးလေးနဲ့ ထိတွေ့ခွင့် ပေးလိုက်ပါ။ ဗီတာမင် D ရရှိမှာ ဖြစ်သလို ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။

 

အခန်းကို မီးရောင်ခပ်မှိန်မှန်ပဲ ထားပါ

 

ကလေး ညအိပ်ခါနီးမှာ မီးတွေ ထွန်းထားတာမျိုး မလုပ်ပါနဲ့။ မီးတွေ လင်းနေအောင် ထွန်းထားတာက ဘေဘီလေးရဲ့ အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ခန်းမီးကို ခပ်မှိန်မှိန်ပဲ ထားပေးပါ။ အလင်းရောင် ခပ်မှိန်မှိန်နဲ့ အလင်းမဝင်ရောက်နိုင်တဲ့ အခန်းက ဘေဘီလေးတွေကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။

 

ချိုလိမ် ပေးစို့ပါ

 

ဘေဘီလေးကို အိပ်ရာဝင်ခါနီးမှာ ချိုလိမ် ပေးစို့တာက စိတ်ကျေနပ်မှု ရစေပြီး ကောင်းကောင်း အိပ်ပျော်စေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။ ဘေဘီလေးတွေက အိပ်ပျော်သွားတဲ့အခါ ချိုလိမ်က သူ့အလိုလို ပါးစပ်ကနေ ထွက်ကျသွား ပါလိမ့်မယ်။ ချိုလိမ်စို့နေတဲ့အခါ ဘေဘီလေးက နာရီဝက်အတွင်း အိပ်ပျော်သွားမှာပါ။

 

မိခင်နို့ တိုက်ပါ

 

ဘေဘီလေးကို မအိပ်ခင်မှာ မိခင်နို့ ပြည့်ပြည့်ဝဝ တိုက်တာကလည်း ဘေဘီလေးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်စေဖို့ မိခင်နို့တိုက်ပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Aye Thi Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”