တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆိုတာက မီးညှိထားတဲ့ စီးကရက်ကနေ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ဆေးလိပ် သောက်သုံးသူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ ပေါင်းစပ်သွားတာ ဖြစ်ပါတယ်။ တစ်ခုတော့ မေးပါရစေ။ ကိုယ်က ဆေးလိပ်သောက်တတ်တယ် ဆိုဦးတော့ ကိုယ့်အနီးဆုံးက လူတွေကို ထိခိုက်စေမှာကို မစိုးရိမ်မိဘူးလား။

 

တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ်သောက်သုံးသူ ရှူရှိုက်လိုက်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်တာချင်း အတူတူ ပါပဲ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓာတုပစ္စည်း ၇,ဝ၀ဝ ကျော် ပါဝင်ပါတယ်။

 

ကိုယ့်အရင်းနှီးဆုံးသူတွေကို အန္တရာယ် အဖြစ်ခံမှာလား

 

အရက်သောက်ရင်တောင် သောက်တဲ့သူရဲ့ ကိုယ်တွင်းမှာပဲ ရောဂါဖြစ်စေနိုင်ပေမယ့် ဆေးလိပ် ကတော့ ဒီလို မဟုတ်ပါဘူး။ ကိုယ်သောက်လိုက်တဲ့ ဆေးလိပ်ငွေ့က လေထုထဲ ရောက်သွားပြီးရင် ကိုယ်နဲ့ အနီးအနားမှာ ရှိနေသူတွေရဲ့ အသက်ရှူလမ်းကြောင်းထဲ ပျံ့နှံ့ရောက်ရှိ စေနိုင်တာပါ။

 

ကိုယ့်ရဲ့ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အပါအဝင် အနီးဆုံးက လူတွေက ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့် ဆိုးရွားတဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်တာ ကြိုတွေးထား သင့်ပါတယ်။ ကိုယ်က ဆေးလိပ်မဖြတ်နိုင်သေးဘူး ဆိုရင် အနည်းဆုံးတော့ သူတို့ကို မထိခိုက်စေဖို့ ဆင်ခြင်ပေးသင့်တယ်ဆိုတာ ပြောစရာလိုမယ် မထင်ပါဘူးနော်။

 

သင့်ရဲ့ ဆေးလိပ်ငွေ့ကြောင့် သူတို့မှာ ဒီကျန်းမာရေးအန္တရာယ်တွေ ရှိလာနိုင်ပါတယ် –

 

နှလုံးသွေးကြော နဲ့ ဆိုင်တဲ့ ရောဂါတွေ

 

ဆေးလိပ် ကို ကိုယ်တိုင် မသောက်လည်း တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှုရှိုက်မိတာ နဲ့တင် နှလုံးရောဂါ အမျိုးမျိုး ဖြစ်လာစေနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ် မသောက်သုံးသူတွေမှာတောင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေ များစေပါတယ်။

 

အိမ်မှာ အတူနေရင်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ကာလရှည်ကြာ ရှူရှိုက်နေမိသူတွေဟာ ဆေးလိပ်ငွေ့ နဲ့ လုံးဝ မထိတွေ့မိသူတွေနဲ့ နှိုင်းစာရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိ ပိုများနေတာကို တွေ့ရှိရပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်ဟာ ကိုယ်တိုင် ဆေးလိပ်သောက်သုံးသူတွေ မှာ ရှိတဲ့ အန္တရာယ်ရဲ့ သုံးပုံတစ်ပုံ ရှိပါတယ်။

 

အဆုတ်ရောဂါ

 

ဆေးလိပ် သောက်သုံးခြင်းက လေပြွန်နဲ့ အဆုတ်ထဲမှာ ရှိတဲ့ လေအိတ်ငယ်လေးတွေကို ထိခိုက် ပျက်စီးစေနိုင်တဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် emphysema (အဆုတ် လေအိတ်ငယ်လေးများ ပျက်စီးခြင်း) နဲ့ နာတာရှည် လေပြွန်ရောင်ရမ်းခြင်း တို့ ပါဝင်တဲ့ COPD လိုမျိုး အဆုတ်ရောဂါတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ တကယ်လို့ ပန်းနာရင်ကျပ် ရောဂါအခံ ရှိပါက ဆေးရွက်ကြီးကနေ ထွက်ပေါ်လာတဲ့ ဆေးလိပ်ငွေ့ကြောင့် ရင်ကျပ်ရောဂါ ထနိုင်စေသလို အခြေအနေ ကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ ဆေးလိပ်သောက်သုံးသူတွေ နဲ့ ထိတွေ့နေရသူတွေဟာ ဆေးလိပ် မသောက်သုံးသူတွေထက် COPD ကြောင့် သေဆုံးနိုင်ခြေ ၁၂ ဆကနေ ၁၃ ဆအထိ ပိုများပါတယ်။

 

ကင်ဆာရောဂါ

 

တဆင့်ခံ ဆေးလိပ်ငွေ့က လူသားတွေမှာ ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်တစ်ချက်ကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

 

တစ်ဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ်မသောက်သူတွေမှာတောင် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဆေးရွက်ကြီးကနေ ထွက်လာတဲ့ဆေးလိပ်ငွေ့နဲ့ ကာလရှည်ကြာ ထိတွေ့မိတဲ့ ဆေးလိပ် မသောက်သူတွေဟာ ဆေးလိပ်ငွေ့နဲ့ လုံးဝ ထိတွေ့မှုမရှိတဲ့ သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။

 

ကလေး ကျန်းမာရေး

 

ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဟာ ဆက်လက် ကြီးထွားဖွံ့ဖြိုးနေဆဲ ဖြစ်သလို ကလေးငယ်တွေ ရဲ့ အသက်ရှုနှုန်းဟာ အရွယ်ရောက်ပြီးသူတွေထက် ပိုမြန်တာကြောင့် တဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ခံစားရနိုင်ခြေ ပိုများပါတယ်။

 

ကလေးအသက် ငယ်လေ တစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ပိုခံစားရလေ ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ရှားနိုင်စွမ်း နည်းပါတယ်။ ကလေးငယ်တွေမှာ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ထိတွေ့မှု အနေအထား အများစုက နေအိမ်မှာ လူကြီးတွေ ဆေးလိပ် သောက်သုံးမှုကြောင့် ဖြစ်ပါတယ်။

 

လေ့လာမှုတွေ အရ ဆေးလိပ်သောက်သုံးသူ မိဘတွေရဲ့ ကလေးငယ်တွေဟာ –

 

          မကြာခဏ ဖျားနာလေ့ ရှိတယ်။

          အဆုတ်နဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတွေ (လေပြွန်ရောင်ရမ်းတာ နဲ့ အဆုတ်ရောင်ရောဂါ လိုမျိုး) ပိုခံစားရလေ့ ရှိတယ်။

          ချောင်းဆိုး၊ အသက်ရှူမဝ၊ မောခြင်း နဲ့ အသက်ရှူသံ တရွှီရွှီ မြည်ခြင်း တို့ကို ပိုဖြစ်လေ့ ရှိတယ်။

          နားပိုးဝင်ခြင်း ပိုဖြစ်လေ့ရှိတယ်။

          တစ်ဆင့်ခံဆေးလိပ်ငွေ့က ပန်းနာရင်ကျပ်ရောဂါ ထစေနိုင်သလို၊ ရောဂါအခြေအနေကိုလည်း ပိုဆိုးစေပါတယ်။

          အရင်က ရောဂါမရှိတဲ့ ကလေးတွေမှာတောင် ပန်းနာရင်ကျပ်ရောဂါ ဖြစ်စေနိုင်ပါတယ်။

 

ဆေးလိပ်ငွေ့ နဲ့ ကင်းဖို့

 

ဆေးလိပ်ဖြတ်ပါ။ ကိုယ့်အနီးဝန်းကျင်က ဆေးလိပ်သောက်သုံးသူတွေကို ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းပါ။ မဖြတ်နိုင်ရင် တခြားသူတွေနဲ့ ဝေးဝေး၊ ဖြစ်နိုင်ရင် အပြင်ဘက် လူမရှိတဲ့ နေရာကို ထွက်ပြီး ဆေးလိပ်သောက်သင့်ပါတယ်။

 

တကယ်လို့များ နေအိမ်မှာ ကလေးငယ်တွေ ရှိနေမယ်ဆိုရင် နေအိမ်ကို ဆေးလိပ် ကင်းစင်နေရာ အဖြစ် သတ်မှတ် ထားရှိဖို့က အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ကလေးငယ်တွေကို ဆေးလိပ်ငွေ့နဲ့ ဝေးဝေးနေစေတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ ပြင်းထန်တဲ့ ပန်းနာရင်ကျပ် ရောဂါ၊ ကင်ဆာနဲ့ အခြား ပြင်းထန်တဲ့ ရောဂါလက္ခဏာများ ခံစားရနိုင်ခြေကို ကျဆင်းအောင် အထောက်အကူ ပေးနိုင်ပါတယ်။

 

မိဘတွေအနေနဲ့ ကလေးငယ်တွေကို တစ်ဆင့်ခံဆေးလိပ်ငွေ့ ကနေ အကာအကွယ် ပေးနိုင်ဖို့ အတွက် ဒါတွေ သတိထားပေးသင့်ပါတယ်။

 

          အိမ်ခန်းထဲ သို့မဟုတ် ရုံးခန်း ထဲမှာ ဆေးလိပ် မသောက်ပါနဲ့။ လူအများကြားမှာ ဆေးလိပ်မသောက်ပါနဲ့။

          ကားထဲမှာ ဆေးလိပ်မသောက်ပါနဲ့။

          ကလေးတွေ နားမှာ ဆေးလိပ်မသောက်ပါနဲ့။ တတ်နိုင်သလောက် လျှော့သောက်ပါ။

          လေဝင်လေထွက်ကောင်းပြီး လူရှင်းတဲ့ နေရာကို ရွေးပြီး သောက်ပါ။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Yun Sandi Nan Mon