ငဖဲ ၇ ဇူလိုင်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အတွင်းရှိမန်းချောင်းရေလှောင်တမံ ဆည်ရေသောက်ဧရိယာအတွင်း လက်ဝဲမြောင်းမကြီး ရေထုတ်ပေါက်အမှတ် ၁ မှ ၁၀ အထိ စိုက်ပျိုးရေ အသုံးချလျက်ရှိသော တောင်သူများအတွက် ရေအသုံးချသူများအဖွဲ့ (WUG)အား သက်ဆိုင်ရာ ရေထုတ်ပြွန်အလိုက်ဖွဲ့စည်းခြင်းကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက ငဖဲမြို့နယ် ချောင်းဖြူကျေးရွာဓမ္မာရုံနှင့် မွန်းလွဲပိုင်းတွင် ပင်ဦးကျေးရွာဓမ္မာရုံတို့၌ ကွင်းဆင်းဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူနှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်တို့က ဆည်ရေကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားကြပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးတင်ဝင်းက ဆည်ရေကို အကျိုးရှိစွာအသုံးချနိုင်ရန်အပြင် ရေအသုံးချသူများ အသင်းအဖွဲ့အစည်းများမှတစ်ဆင့် ဌာနနှင့်တောင်သူလယ်သမားများ ပူးပေါင်းပါဝင်သော ဆည်ရေစီမံခန့်ခွဲမှုစနစ်ကို စတင်အသုံးပြု နိုင်ရန် ရည်ရွယ်ကြောင်း၊ ရေအသုံးချသူများအဖွဲ့ (WUG)၏ အခန်းကဏ္ဍနှင့် တာဝန်ယူဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်သိန်းက မန်းချောင်းဆည်ရေနှင့် မိုးရွာသွန်းမှုနည်းပါးမှုအရ သီးနှံများနှင့် စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးနိုင်ရေးတို့ကို ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ရေအသုံးချသူများအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ပေးခဲ့သည်။ ထို့နောက်ချောင်းဖြူကျေးရွာနှင့် ပင်ဦးကျေးရွာမှ ရေအသုံးချ တောင်သူများက သိရှိ လိုသည်များ မေးမြန်းခဲ့ရာ ငဖဲမြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးတင်ဝင်းက ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


