တီးတိန်   ၇   ဇူလိုင်      

 

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ခွါဒိုခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဆွင့်ခန့်ခမ်က အစည်းအဝေး ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဒိမ့်စန်းကိမ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော ကြေညာချက်များအား ရှင်းလင်းခြင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ထိန်းသိမ်းမှု၊ မဲရုံလျာထားသတ်မှတ်မှုများ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပါက မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာချိန်နှင့် ရွေးကောက်ပွဲနေ့တွင် လူစုလူဝေးမဖြစ်စေရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့် ကိုက်ညီစွာ မဲစာရင်းကြည့်ရှုနိုင်ရေး၊ မဲပေးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ တက်ရောက်လာသော ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများမှ ဆွေးနွေးတင်ပြကာ တက်ရောက်လာသော အဖွဲ့များမှ မဲရုံတိုးချဲ့သတ်မှတ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

 

တီးတိန်မြို့နယ်တွင် ခိုင်ကမ်းမြို့အပါအဝင် ရပ်ကွက် (၈) ခု၊ ကျေးရွာအုပ်စု (၅၅) အုပ်စုရှိပြီး မဲရုံ (၁၃၁) ရုံထားရှိရန် လျာထားလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)