ဟားခါး ၇ ဇူလိုင်    


    
ချင်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာနမှ ကြီးမှူး၍ ဟားခါးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးက ဖွင့်လှစ်သည့် လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါးလ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ချင်းပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။    

 

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါးလ်က အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့်သင်တန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာန (ရုံးချုပ်)၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ချင်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ပြည်နယ်အတွင်း လုပ်ငန်းလိုအပ်ချက်အရ အသစ်ရွေးချယ်ခန့်အပ်ထားရှိသည့် ကွင်းလုပ်ငန်းအခြေခံဝင်ပေါက် ရာထူးဖြစ်သည့် မြေတိုင်း−၅ များကို  ယနေ့ဖွင့်လှစ်သင်ကြားသည့်  အခြေခံမြေတိုင်းတာခြင်းနှင့် မြေစာရင်း ဘာသာရပ်ကို နားလည်တတ်ကျွမ်းမှုရှိစေရေး၊  ခေတ်စနစ်နှင့်အညီ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဆိုင်ရာ မြေအသုံးချမှုနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကိစ္စရပ်များ၊ မြေခွန်ရေခွန်နှင့်တာတမံခွန်စည်းကြပ်ခြင်း၊ ခေတ်မီ မြေတိုင်းကိရိယာများဖြင့် မြေတိုင်းတာ၍ မြေပုံရေးဆွဲထုတ်လုပ်ခြင်း၊ မြေကြီးမြေပုံမြေစာရင်း မှန်ကန်ရေး လုပ်ငန်းများ၊ လယ်ယာသန်းခေါင်စာရင်းနှင့် လယ်ယာစီးပွားစစ်တမ်းကောက်ယူရေးကိစ္စများသည် အရေးကြီးသည့် လုပ်ငန်းများဖြစ်သဖြင့် အလေးထားသင်ယူကြဖို့ အမှာစကားပြောကြားသည်။

 

ယင်းနောက် ချင်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဉီးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် “လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနအနေဖြင့် လယ်ယာမြေစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လယ်ယာကဏ္ဍနှင့် မြေအသုံးချမှု ဆိုင်ရာစာရင်းအင်း၊ သတင်းအချက်အလက်များထောက်ပံ့ပေးရေး”ကို မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ရည်မှန်းချက်အနေဖြင့် မြေအသုံးချမှုဆိုင်ရာစာရင်းအင်းအချက်အလက်များအား အခြေခံ၍ ခိုင်မာသော သတင်း အချက်အလက်စနစ် ထူထောင်ရေးနှင့် ခိုင်မာသည့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းသတင်းအချက်အလက် စနစ်ထူထောင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၆ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ သင်ကြားပို့ချမှာဖြစ်ပြီး သင်တန်းသို့ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကွင်းလုပ်ငန်းအခြေခံဝင်ပေါက်ရာထူးဖြစ်သော မြေတိုင်း−၅ သင်တန်းသား ၁၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြများအဖြစ် ပြည်နယ်အတွင်းရှိ ခရိုင်မြေစာရင်းဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းအောင်မြင်စွာ ပြီးမြောက်နိုင်ရေး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)