ရှမ်းရွာသစ် ၇ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ လမ်းဦးစီးဌာနက ဒေသနေပြည်သူများ ရာသီမရွေး သွားလာရလွယ်ကူစေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ် - လှိုင်းဘွဲကားလမ်းပေါ်ရှိ ပေ(၃၀) တံတား မြေထိန်းနံရံနှင့် ရေလမ်းကြောင်း ပြုပြင်ရေးလုပ်ငန်းကို ယခုနှစ် ဧပြီလတတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် လှိုင်းဘွဲ- ရှမ်းရွာသစ်ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၃၅ km နှင့် ၃၅ ဒသမ ၂ km ကြားရှိ ၆ /၂၂ ပေ(၃၀)တံတားသည် နှစ်စဉ်မိုးရာသီကာလတွင် တောင်ကျရေများ တိုက်စားမှုကြောင့် နိမ့်ကျနေပြီး ဒေသနေပြည်သူများ သွားလာရအခက်အခဲများ ကြုံတွေ့နေကြောင်းသိရှိရ၍ ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့လမ်းဦးစီးဌာနမှ တာဝန်ယူ ပြီး ပြည်နယ်အထွေထွေ ပိုလျှံခွင့်ပြု ရန်ပုံငွေကျပ် ၄၉ သန်းဖြင့် ဆောက်လုပ်လျက်ရှိရာ ယခုအချိန်တွင် ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း လမ်းဦးစီးဌာနမှ မြို့အင်ဂျင်နီယာ ဦးဘိုဘိုလွင်ထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)


