လှိုင်းဘွဲ ၇ ဇူလိုင်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ် လူငယ်စွန့်ဦး တီထွင်သူများ(YSI) အဖွဲ့နှင့် လှိုင်းဘွဲမြို့နယ် လူငယ်စွန့်ဦးတီထွင်သူများ (YSI)အဖွဲ့တို့ ပူးပေါင်း၍ မိုးစပါးများကို SRI စနစ်ဖြင့် စံပြစိုက်ခင်း(၅)ဧကတွင် မျိုးစေ့ထုတ် နည်းပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ပိုင်းက သမ္ဘာန်ကျေးရွာ တောင်သူအသိပညာပေး စခန်း၌ ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
လူငယ်စွန့်ဦးတီထွင်သူများအဖွဲ့များ စုပေါင်း၍ စိုက်ပျိုးရေးနည်းပညာပိုင်းဆိုင်ရာများကို တောင်သူ များအား ဆင့်ပွားအသိပညာပေးနိုင်ရန်၊ အနာဂတ်မှာ လူငယ်စိုက်ပျိုးရေး ပညာရှင်များ အနေဖြင့် အချင်းချင်း နည်းပညာများ ဖလှယ်၍ အနာဂတ်စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စွန့်ဦးတီထွင်သူများက စမ်းသပ်စိုက်ပျိုးကွင်းသရုပ်ပြသခြင်းဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးသက်ဆွေထံမှ သိရှိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုကို ဖြေလျှော့နိုင်ရေး၊ စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်အရ တောင်သူလယ်သမား အနေဖြင့် မိုးရာသီစိုက်ပျိုးချိန်အမီ လိုအပ်သော စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရန်အတွက် မျိုးစေ့ထုတ်တောင်သူ လူငယ်စွန့်ဦး တီထွင်သူများ အသင်းအဖွဲ့က ဦးဆောင်၍ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိကလိုအပ်ချက် သွင်းအားစုဖြစ်သော မျိုးကောင်းမျိုးသန့် မျိုးစေ့တွေကို တောင်သူများ လိုအပ်တဲ့ပမာဏ၊ လိုအပ်တဲ့ အချိန်မှာ အလွယ်တကူ အသုံးပြုနိုင်ရန်၊ စိုက်ပျိုးထုတ်လုပ်မှု စွမ်းအား မြင့်မားလာပြီး တောင်သူတွေရဲ့ ဝင်ငွေနှင့်လူနေမှု ဘဝ တိုးတက်မြင့်မားလာစေရန် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လယ်ယာကဏ္ဏ အပေါ် အကျိုးသက်ရောက်လာမှုများကို တုန့်ပြန်ကျော်လွှားသွားနိုင်စေရန် စမ်းသပ်စိုက်ပျိုး ကွင်းသရုပ်ပြသခြင်း ဖြစ်သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်၊ ဒုတိယပြည်နယ် ဦးစီးမှူး ဦးသန်းလှိုင်း၊ ခရိုင်ဦးစီးမှူး ဦးသက်ဆွေ၊ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်း၊ စိုက်ပျိုးရေးဆိုင်ရာ လူငယ်စွန့်ဦးစီးတီထွင်သူအဖွဲ့ စုစုပေါင်း(၅၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


