လားရှိုး  ၇   ဇူလိုင် 

 

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော်မြို့များရှိ  နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ အဆိုပါ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ ၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိသည်။

 

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို  စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ဇူလိုင်လ ၇ ရက်တွင် နေရပ်ပြန် ပြည်သူအမျိုးသား  ၇၂ ဦး ၊ အမျိုးသမီး ၂၆ ဦး စုစုပေါင်း ၉၈ ဦးတို့အား စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါသည်။ 

 

အဆိုပါ နေရပ်ပြန်ပြည်သူ (၉၈) ဦးတို့တွင် ကချင်ပြည်နယ်မှ ၄ ဦး ၊ ချင်းပြည်နယ်မှ (၁) ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၂၈) ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ (၂) ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၂၃) ဦး၊  မန္တလေး တိုင်းဒေသကြီးမှ (၂၁) ဦး ၊ နေပြည်တော်မှ (၆) ဦး၊ ရခိုင်ပြည်နယ်မှ (၇) ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၄) ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂) ဦးတို့ဖြစ်ကြသည်။ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်း ပို့ဆောင်ပေးရာတွင် မေလ (၆) ရက်နေ့မှ ဇူလိုင်လ (၇) ရက်နေ့အထိ အမျိုးသား (၇၅၅၄) ဦး ၊ အမျိုးသမီး (၄၇၀၄) ဦး စုစုပေါင်း (၁၂၂၅၈)ဦး တို့ကို လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

နန်းသန္တာဦး (ပြည်နယ်၊ ပြန်/ဆက်)