ပန်းတနော် ၇ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် အင်းမစက်ဘက်ကမ်းကျေးရွာ ရန်ကုန်- ပုသိမ် ကားလမ်းဘေးတွင် ဇူလိုင်လ ၆ ရက် နံနက် ၁၁ နာရီခန့်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းပေါက်၍ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ပန်းတနော်မြို့နယ် အင်းမစက်ဘက်ကမ်းကျေးရွာ ရန်ကုန်- ပုသိမ်ကားလမ်း မိုင်တိုင်အမှတ်(၆၁/ ၇)နှင့်(၆၁/၈) အကြားရှိ ညောင်တုန်း- သာပေါင်း- ကန်ကြီးဒေါင့် ဆက်သွယ်ထားသော (၁၀) လက်မ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းပေါက်၍ ဓာတ်ငွေ့များယိုစိမ့်မှု ဖြစ်ပွားနေကြောင်း သိရှိရသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမြန်ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ညောင်တုန်းရေနံမြေ သဘာဝဓာတ်ငွေ့စက်ရုံမှ အင်ဂျင်နီယာမှူး ဦးစည်သူအောင်အား ဆက်သွယ်အသိပေးခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်၌ ညောင်တုန်းရေနံမြေ သဘာဝဓာတ်ငွေ့စက်ရုံ ပိုက်လိုင်းပြင်ဆင်ရေးအင်ဂျင်နီယာ ဦးမြင့်စိုးထွန်းနှင့်အဖွဲ့ရောက်ရှိလာပြီး ချက်ချင်းပြင်ဆင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


