ကျောက်ဆည် ၇  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ဇူလှိုင်(၇)ရက် နံနက်(၉)နာရီက မြို့နယ် တရားရုံးမှ နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

mdn

 

ရှင်းလင်းပွဲတွင် ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်က နိုင်ငံတော်အနေဖြင့် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်လျှက်ရှိရာ ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့ ဌာနအလိုက် ပြုပြင်ပြောင်းလဲမှုများရှိနေပါကြောင်း၊ တရားစီရင်ရေးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်မှစ၍ မှုခင်းများနှင့် ပတ်သက်၍ မဟာဗျူဟာ စီမံကိန်းချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိကြောင်း ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် ခရိုင်တရားသူကြီး ဒေါ်ခင်ဆွေဦးက တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို (၂၀၁၅-၂၀၁၇)၊ (၃) နှစ်တာ စီမံကိန်းချမှတ်ပြီး၊ စီမံကိန်း၏ အပိုင်း(၅)တွင် အမှုများ တရားစီရင်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု အားကောင်းလာစေရန် နယ်ပါယ်တစ်ရပ် သတ်မှတ်ပြီး ရှေ့ပြေးတရားရုံးများ အနေဖြင့်စတင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ မြို့နယ်တရားသူကြီး ဒေါ်သဲမို့မို့ဆွေက မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်များ၏ ရည်ရွယ်ချက်များ အပြင် အဓိကလုပ်ငန်းစဉ်များဖြစ်သည့်အမှု များမကြားနာမီ အမှုအမျိုးအစားသတ်မှတ်ခြင်းနှင့် ကြားနာစစ်ဆေး ရမည့်အချိန် ကာလသတ်မှတ်ခြင်းများ အကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တရားရုံးသို့ လာရောက်ရသည့် အကြိမ်ရေလျော့နည်းခြင်း၊ အမှုပြီးပြတ်ရန် အ ချိန်မကြန့်ကြာခြင်း၊ အမှုများကို သတ်မှတ်ထားသည့် အချိန်အတွင်း ထိရောက်မြန်ဆန်စွာ ကြားနာစစ်ဆေး စီရင်နိုင်ခြင်း စသည့်ရရှိလာ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)