မန္တလေး ၇ ဇူလိုင်
ပြင်ဦးလွင်မြို့နယ်အတွင်း စိမ်းလန်းစိုပြည်ရေးအတွက် မျိုးစေ့မြေဆွေးလုံးများကို မီးပုံးပျံဖြင့် ကြဲချမည် ဖြစ်ကြောင်း ပြင်ဦးလွင်မြို့ရှိ Green Challenge အဖွဲ့မှ ကိုမျိုးသူရထွန်းက ပြောသည်။
“ပြင်ဦးလွင်မြို့ပတ်ပတ်လည်မှာ သစ်ပင်တွေမရှိတော့ဘူး။ သစ်ပင်တွေမရှိတော့ ရာသီဥတုက အလွန် ပြောင်းလဲလာတယ်။ ဒါကြောင့် စိမ်းလန်းစိုပြည်စေရေးအတွက် အခုလိုဆောင်ရွက်တာပါ” ဟု ကိုမျိုးသူရထွန်းက ပြောသည်။
မီးပုံးပျံ၏ အောက်တွင် ယမ်းမထည့်ပဲ မျိုးစေ့မြေဆွေးလုံး အချိန် ၃၀ ခန့်ထည့်ကာ ကျဲချမည်ဖြစ် ကြောင်း သိရသည်။ ဇူလိုင် ၁၉ ရက်၊ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပြင်ဦးလွင် မြို့နယ် တောင်ဘက်ဆုံး ကျေးရွာများမှ စတင်ကာ လွှတ်တင်မည်ဖြစ်သည်။
“မီးဘေးအတွက် စိတ်မပူရပါဘူး။ ပြိုင်ပွဲမှာ အသုံးပြုတဲ့ မီးပုံးပျံတွေဖြစ်လို့ မီးဘေးအန္တရာယ်မရှိအောင် ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆောင်ရွက်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခုကဲ့သို့ မီးပုံးပျံဖြင့် မျိုးစေ့မြေဆွေးလုံးများ ကျဲခြင်းအပြင် လောက်လေးခွဖြင့် ပစ်ကာ ကျဲမည်ဖြစ် ကြောင်း သိရသည်။ မျိုးစေ့ကျဲရန်အစီစဉ်များအား သက်ဆိုင်ရာဌာနများသို့ စာတင်ထားပြီဖြစ်ပြီး စုစုပေါင်း အလုံးရေ နှစ်သိန်းခန့် ကြဲသွားမည်ဟု သိရသည်။
မေသက်ထား


