မြို့သစ် ၇  ဇူလိုင် 

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပုလင်းပြားကြီး ကျေးရွာအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၌ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ က အုတ်ရှစ်ကုန်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

 

ရှေးဦးစွာ မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းက ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

 

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ကျေးရွာသူ ကျေးရွာသားများက စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်မည့် ကော်မတီဝင်များအား တစ်ဦးချင်းမဲပေး၍ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း မတည်ရန်ပုံငွေကို အမျိုးအစား သုံးမျိုးခွဲခြားပြီး အိမ်ခြေ ၁၀၀ နှင့် အထက်ရှိသည့် ကျေးရွာများကို ငွေကျပ်သိန်း ၃၀၀ ဖြင့်လည်းကောင်း၊ အိမ်ခြေ ၅၀  နှင့် ၁၀၀ ကြားရှိသည့်ကျေးရွာများကို ငွေကျပ်သိန်း ၂၀၀ ဖြင့်လည်းကောင်း၊ အိမ်ခြေ ၅၀ နှင့်အောက်ရှိသည့် ကျေးရွာ များကို ငွေကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း မတည်ပေးသွားမည်ဖြစ်ပြီး စီမံကိန်း ပထမနှစ် စက်ဝန်းအတွင်း ငွေ ၁၀၀ ကျပ်လျှင် ပြား ၅၀ အတိုးနှုန်းကောက်ခံကာ ကျေးရွာရှိ အသေးစားစိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ကွက်ငယ် တောင်သူများ သွင်းအားစုရရှိရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရေးအတွက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

မြို့သစ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကို အုတ်ရှစ်ကုန်း ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၉ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)