လေးမျက်နှာ ၇  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို တုန့်ပြန် ဆောင်ရွက်သည့် အနေဖြင့် လေးမျက်နှာမြို့နယ်အတွင်း Cash for Work စီမံကိန်းကို ကျေးရွာပေါင်း (၁၀)ရွာနှင့် (VRFP) ကျေးရွာမ တည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာပေါင်း (၇)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ စီမံကိန်းများအနက် Cash for Work စီမံကိန်းသည် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသောကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ် ဖော်ထုတ်ပြီး ကျေးရွာ သူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေပြီး ချက်ခြင်း လုပ်အားခပေးချေခြင်း စနစ်ဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့် စီမံကိန်းဖြစ် ကြောင်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းသည်  အသေးစား စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ကွက်ငယ် တောင်သူများ သွင်းအားစု ရရှိစေရေးနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် ကျေးရွာရှိအိမ်ခြေအ ပေါ်မှုတည်ပြီး ကျေးရွာမတည် ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)မှ သိန်း (၃၀ဝ)အထိ ထောက်ပံ့၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးကျော်သူက ပြောသည်။

 

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများကို ဇူလိုင်လပထမပတ်က စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရွှေမိုး(လေးမျက်နှာ)