ကသာ ၇ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ၄၆၈ ဦးရှိပြီး အဆိုပါ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တတိယ သုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေနှင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထောက်ပံ့သော ကိုဗစ်-၁၉ ကူးစက် ရောဂါဖြစ်ပွားနေသည့်ကာလ ထပ်ဆောင်းထောက်ပံ့ငွေတို့ကို တာဝန်ရှိသူများက ၎င်းတို့၏ အိမ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ပြီးဖြစ်ကြောင်း ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကသာမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများရှိ သက်ကြီးဘိုးဘွား တစ်ဦးလျှင် တတိယ သုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ စုစုပေါင်း ငွေကျပ် ၆၀ဝ၀ဝ နှုန်းဖြင့် ကသာမြို့နယ်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၄၆၈ ဦးတို့အတွက် ထောက်ပံ့ငွေပေါင်း ငွေကျပ်သိန်း ၂၈၀ ကျော်ကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ ကသာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများက ၎င်းတို့၏ အိမ်အရောက် လိုက်လံထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကသာခရိုင် တစ်ခုလုံးအနေဖြင့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပေါင်း ၂၉၁၈ ဦး ရှိပြီး အဆိုပါ သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာ မြို့နယ်များမှ တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများ၏ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ရဲအောင်(ပြန်/ဆက်)


