ဟင်္သာတ ၇ ဇူလိုင် 


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအတွက် ခြင်စားငါးများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင့်လွင်က သွေးလွန်တုပ်ကွေး ဖြစ်ပွားသည့် ယခုရာသီတွင် ခြင်ပေါက်ဖွားမှု လျော့ကျစေရန် ပိုးလောက်လန်းများကို ဖမ်းယူစားသောက်သည့် ခြင်စားငါးများ ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းများရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အ-ထ-က(၅) ကျောင်းအုပ်ဆရာကြီး ဦးခင်ဌေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနက မြို့ပေါ်ရှိအခြေခံပညာ အထက်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်း ကျောင်း(၁၀)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း (၃၇)ကျောင်းတို့ကို ခြင်းစားငါးကောင်ရေ (၅၀ဝ၀)ခန့် ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် မြို့နယ်အတွင်းရှိ ကျောင်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များမှတစ်ဆင့် ဆက်လက်ပေး အပ်သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင်ငါး လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင့်လွင်ထံက သိရှိရသည်။


ကျော်ကျော်(ပြန်/ဆက်)