မိုးညှင်း ၇ ဇူလိုင်
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသော နေရပ်ပြန် မြန်မာနိုင်ငံသား (၈၁)ဦးတို့သည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင် စုပေါင်းစစ်ဆေးရေး ဂိတ်စခန်းသို့ ဇူလိုင် ၇ ရက် နံနက် ၄ နာရီခွဲက ရောက်ရှိကာ ကျန်းမာရေး စစ်ဆေးမှုများကို စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ စုပေါင်းစစ်ဆေးရေး ဂိတ်စခန်းမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။
"ဒီနေ့ မနက် ၇ နာရီခွဲ အချိန်မှာ ထိုင်းနိုင်ငံ မြဝတီမြို့ကနေ ကချင်ပြည်နယ်ကို ဝင်ရောက်လာတဲ့ နေရပ်ပြန် မြန်မာနိုင်ငံသား (၈၁)ဦးဟာ နန်းတော်ဝင် Express ယာဉ် ၂ စီးနဲ့ နယ်စပ်ပြည်ဝင်ဂိတ် စခန်းတွေမှာ အဆင့်ဆင့် ကျန်းမာရေး စစ်ဆေးခဲ့ပြီးပါပြီ၊ အခုလည်း ထပ်မံလို့ ကျန်းမာရေး စစ်ဆေးပြီး ခရီးသွားမှတ်တမ်းတွေကို စနစ်တကျ စစ်ဆေးခံယူခဲ့ပါတယ်" ဟု ယာဉ်မောင်း ဦးမြင့်မောင်က ပြောကြားခဲ့သည်။
အဆိုပါ ထိုင်းနိုင်ငံပြန် မြန်မာနိုင်ငံသား ခရီးသည်တင် Express ယာဉ်နှစ်စီးသည် မြဝတီမြို့ မှတစ်ဆင့် မန္တလေးလမ်းကြောင်းအတိုင်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်စခန်းသို့ ရောက်ရှိလာခဲ့ပြီး ကျန်းမာရေး စစ်ဆေး တိုင်းတာခြင်းများ ပြုလုပ်ကာ နံနက် ၅ နာရီခွဲတွင် ပြည်ထောင်စုလမ်းမကြီးအတိုင်း မိုးညှင်းမှမြစ်ကြီးနားဘက်သို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာကြသူများမှာ မြစ်ကြီးနားမြို့မှ(၅၅)ဦး၊ မိုးကောင်းမြို့မှ(၁၀)ဦး၊ ဝိုင်းမော်မြို့မှ (၈)ဦး၊ ဗန်းမော်မြို့မှ(၆)ဦးနှင့် ရွှေကူမြို့မှ(၂)ဦး စုစုပေါင်း(၈၁)ဦးဖြစ်ကြောင်း ၎င်းဝင်ရောက် လာသူများကို နန့်စီးအောင်ဂိတ်စခန်းရှိ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ ဦးတိုးထက်ကျော် သားဖွားဆရာမ ဒေါ်ချစ်မို့မို့သဲတို့မှ ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ ဂိတ်စခန်းတာဝန်ခံ ဂိတ်မှူး ရဲအုပ် ထက်ဝေလင်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နီတိုး


