ကလေး ၇ ဇူလိုင်
ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ယာယီရပ်နားထားသည့် ကလေး-ဂန့်ဂေါ မီးရထားခရီးစဉ်များကို Social Distancing အရ ထိုင်ခုံခြားပြီး ခရီးသည်များကိုထိုင်စေကာ ယမန်နေ့နံနက် ၆ နာရီခွဲခန့်မှ စ၍တစ်ရက်ခြားစီဖြင့် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြန်မာ့မီးရထားအနေနဲ့ ၆ ရက်နေ့ကနေစပြီးတော့ တစ်ရက်ခြားပြီး ပြေးဆွဲမှာ ဖြစ်ပါတယ်၊ ကလေး-ဂန့်ဂေါ အားလုံးပေါင်း ရိုးရိုးတန်း ငါးတွဲပြေးဆွဲထားပြီးတော့ ခရီးသည်တွေကို အပူချိန်တိုင်းတာခြင်း ၊ Mask တပ်ဆင်စေခြင်း၊ ပြီးတော့ လက်ဆေးစေခြင်းတို့ကို ဆောင်ရွက်ပေးပါတယ် ၊ပြီးတော့ ထိုင်ခုံတွေကိုလည်း Social Distancing အရ ကြက်ခြေခတ် ထားခြင်း တို့ကို ဆောင်ရွက်ပေးထားပါတယ်၊ ရထားလက်မှတ်ကို လူတစ်ယောက်ကို ထိုင်ခုံနှစ်ခုံ စာဝယ်ယူစီးနင်းရမှာဖြစ်ပေမယ့် ရထားလက်မှတ်ဖိုးကို တစ်ယောက်စာ ပဲပေးရမှာဖြစ်တယ်” ဟု ကလေးမီးရထားဘူတာရုံပိုင် ဦးသန်းနိုင်က ပြောကြားသည်။
“ ရထားတွဲ ၅ တွဲမှာ တွဲ-၁၊ တွဲ-၂ ၊ တွဲ-၃ ကိုတော့ ကလေး ဂန့်ဂေါကိုသွားမယ့် ခရီးသည်တွေကို ရောင်းချမှာဖြစ်ပါတယ်၊ ကျန်တဲ့ရထားတွဲတွေကိုတော့ လမ်းဘူတာတွေအတွက် ရောင်းမှာဖြစ်ပါတယ်၊ ရထားတွဲတစ်တွဲမှာ လူအယောက် ၂၀ နှုန်းနဲ့ ၅ တွဲပေါင်းရင် လူအယောက် (၁၀၀) လောက် စီးနင်း နိုင်မှာဖြစ်ပြီးတော့ ရထားလက်မှတ်ကိုတော့ လူကြီးတစ်ယောက်ကို ၁၁၅၀ ကျပ်နဲ့ ရောင်းချပြီး ကလေး တစ်ယောက်ကိုတော့ ၆၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ကလေး-ဂန့်ဂေါ ရထား ပြေးဆွဲရာတွင် ကလေးမြို့မှ မနက် ၆ နာရီခွဲတွင် စတင်ပြေး ဆွဲပြီး ဂန့်ဂေါဘူတာသို့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကာ ဂန့်ဂေါမှ မနက် ၇ နာရီတွင် စတင်ပြေးဆွဲပြီး ကလေးမြို့သို့ မွန်းလွဲ ၂ နာရီတွင် ဆိုက်ရောက်ပြီး ပြေးဆွဲမှုများကို တစ်ရက်ခြားစီဖြင့် ပုံမှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ထန်းဖုန် (ပြန်/ဆက်)


