မော်လမြိုင် ၇ ဇူလိုင်            


မွန်ပြည်နယ် မော်လမြိုင်မြို့ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေ ရေးအတွက် ဇွန်လ(၁၆)ရက်နေ့မှ စတင်ပြေးဆွဲနေသော ရထားအမှတ် (၈၁)အဆန်နှင့်(၈၂)အစုန် အမြန်ရထားကို ရန်ကုန်-မော်လမြိုင်-ရေး လမ်းပိုင်းခရီးစဉ် တိုးချဲ့၍ ယမန်နေ့ညပိုင်း၌ စတင်ပြေးဆွဲကြောင်း သိရသည်။


အဆိုပါ အမှတ်(၈၁) အဆန်ရထားသည် ရန်ကုန်မှ ည(၈)နာရီ(၁၅)မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်သို့ နံနက်(၆)နာရီ(၃၀)မိနစ်တွင် ရောက်ရှိကာ နံနက်(၇)နာရီတွင် ဆက်လက်ထွက်ခွာပြီး ရေးဘူတာသို့ မွန်းလွဲ(၁၂)နာရီ(၄၀)မိနစ်တွင် ရောက်ရှိမည်ဖြစ်ပြီး အမှတ်(၈၂)အစုန် အမြန်ရထားသည် ရေးဘူတာမှ မွန်းလွဲ(၂)နာရီ(၄၅)မိနစ်တွင် ထွက်ခွာပြီး မော်လမြိုင်သို့ ည(၈)နာရီ(၃၀)မိနစ် တွင် ရောက်ရှိကာ ည(၉)နာရီတွင် ဆက်လက်ထွက်ခွာပြီး နံနက်(၆)နာရီ(၄၅)မိနစ်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်သည်။ 


ရန်ကုန်မှ ရေးအထိ ရထားလက်မှတ် အထက်တန်းတစ်စောင်လျှင် ငွေကျပ်(၆၄၅ဝ)၊ ရိုးရိုးတန်း တစ်စောင်လျှင် ငွေကျပ်(၃၂၅၀) ကျပ်ဖြစ်ပြီး ရထားအချိန်စာရင်းကို သက်ဆိုင်ရာ ဘူတာများတွင် ကြော်ငြာပေးထားကြောင်း မြန်မာ့မီးရထား အမှတ်(၈)တိုင်း မော်လမြိုင်မှ သိရသည်။


ပြည်နယ်(ပြန်/ဆက်)