ကျိုက်ထို ၇ ဇူလိုင်
ကျိုက်ထိုမြို့နယ်အတွင်း ပြည်သူများ အပန်းသည့် နေရာများဖြစ်သော ကင်မွန်းချောင်းကျေးရွာ အလယ်စုပိုင်းရှိ ကဒက်ချောင်း(၁၀)မိနစ် စခန်းအနီးရှိ ကျောက်ဂူ(ကျားဂူ)ချောင်းနှင့် ကဒိုင်ဒွတ်ကျေးရွာ အုပ်စုဆောင်နိုင်ကြီး ကျေးရွာရှိ ဆောင်နိုင်ကြီး ရေတံခွန်တို့အား ဇူလိုင် ၇ ရက် နံနက် ၇ နာရီမှ စတင်ကာ ယာယီပိတ်သိမ်းလိုက်ကြောင်းသိရ သည်။
ယင်းသို့ ပိတ်သိမ်းရခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရေးအတွက် ကျိုက်ထိုမြို့နယ် စီမံခန့်ခွဲမှု ကော်မတီမှ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယာယီပိတ်သိမ်းခြင်းဖြစ်ပြီး အဆိုပါ အပန်းဖြေ နေရာများ၌ နေ့စဉ် ပျမ်းမျှလူဦးရေ(၁၀ဝ)ခန့် လာရောက် အပန်းဖြေ ရေကစား ကြသည့်အပြင် အစိုးရ ရုံးပိတ်ရက်နှင့် အခါကြီး ရက်ကြီးများတွင် (၃၀ဝ) ခန့် လာရောက် အပန်းဖြေ ရေကစားကြသည်။
အပန်းဖြေရေ ကစားလာကြသူ ၆၀ ရာခိုင်နှုန်းမှာ နှာခေါင်းစည်း Mask တပ်ဆင်မှုမရှိခြင်း၊ လက်ဆေးမှုမရှိခြင်းနှင့် နီးကပ်စွာ ရေချိုး ရေကစားကြခြင်းတို့ကြောင့် ရောဂါ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သဖြင့် ယာယီပိတ်သိမ်း ရခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)


