နေပြည်တော် ၇ ဇူလိုင်
မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ တတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဇန်နဝါရီ ၃၁ ရက်တွင် ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပခဲ့ပြီး ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို ညှိနှိုင်းခဲ့ကြသော်လည်း အချို့လုပ်ငန်းများသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားခြင်းကြောင့် နှောင့်နှေးခဲ့ရပါကြောင်း၊ ၎င်းနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များ ရှိနေဆဲကာလဖြစ်သော်လည်း OneMap Myanmar အကောင်အထည်ဖော်ဆောင်ခြင်း လုပ်ငန်းပိုင်းဆိုင်ရာများ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ကော်မတီအနေနှင့် ပံ့ပိုးရမည့်လုပ်ငန်းများအပေါ် ဝိုင်းဝန်းအကြုံပြု ဆွေးနွေးနိုင်ရန် အစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ One Map Myanmar စီမံကိန်းအား ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်၍ သက်တမ်း ၅ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပါကြောင်း၊ ယခု ၅ နှစ် တာကာလအတွင်း အမျိုးသားမြေအသုံးချမှုမူဝါဒပါ လမ်းညွှန်ချက်များနှင့်အညီ အစိုးရဌာနများတွင် အသုံးပြုနေသည့် မြေကြီးမြေပုံများမှန်ကန်ရေး၊ မြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူများပါဝင်သည့် နည်းလမ်းဖြင့် စနစ်တကျ မှတ်တမ်းပြုစုရေးအတွက် သင်တန်းများပို့ချခြင်းအပြင် လုပ်ငန်းလုပ်ဆောင်ရန် လိုအပ်သည့် အဖွဲ့အစည်းဆိုင်ရာများအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပါကြောင်း၊ OneMap Myanmar စီမံကိန်းလုပ်ငန်းများကို နေပြည်တော်၊ ပြည်ထောင်စုအဆင့်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း Piloting အားဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အမျိုးသားမြေအသုံးချမှုကောင်စီ၏ လမ်းညွှန်မှုနှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လအတွင်း မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စံပြုထားသော မြေပုံစနစ်တစ်ခု ပေါ်ပေါက်ရေး၊ ဌာနအားလုံးမျှဝေ အသုံးပြုနိုင်ရေးအတွက် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မြေသယံဇာတ အရင်းအမြစ်ဆိုင်ရာ သတင်းအချက်အလက်များ မှန်ကန်ရေးကို ဦးတည်ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ဆက်လက်၍ OneMap Myanmar နည်းပညာဆိုင်ရာအဖွဲ့က ၂၀၂၀ ပြည့်နှစ်၊ အစပိုင်းမှ စတင်ဆောင်ရွက်ခဲ့သော လုပ်ငန်းတိုးတက်မှုများကို တင်ပြရာ အထူးသဖြင့် ကိုဗစ်-၁၉ ကာလအတွင်း OneMap Myanmar ၏ လုပ်ငန်းတိုးတက်မှုများ၊ OneMap မူဝါဒရေးဆွဲခြင်း လုပ်ငန်းတိုးတက်မှုများ၊ OneMap Online Platform လွှင့်တင်ခြင်း ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းမှုနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ခြင်းလုပ်ငန်းများ အစရှိသည်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ကော်မတီဝင်များမှ တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


