ရန်ကုန် ၇ ဇူလိုင်

 

ကိုဗစ်-၁၉ ကာလအတွင်း စားသောက်ရေး အဆင်ပြေစေရန် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ကလပ်အသင်းများမှ နည်းပြနှင့် အားကစားသမား ၇၀ဝ ကျော်အား ထောက်ပံ့ငွေပေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံဝင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၌ ပြုလုပ်ခဲ့သည်။

 

“ကျွန်တော်တို့အဖွဲ့ချုပ်ကို ကိုဗစ်-၁၉ ကာလမှာ Royal-D ကုမ္ပဏီက မြန်မာနိုင်ငံရှိ ရိုးရာလက်ဝှေ့ကလပ်အသင်းမှ နည်းပြ၊ ကစားသမားများကို အဖွဲ့ချုပ်ကတစ်ဆင့် ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ယနေ့က ရန်ကုန်နဲ့ ပဲခူးကလပ်အသင်းက နည်းပြ၊ ကစားသမားများကို ပေးတာဖြစ်ပါတယ်။ ကျန်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ကလပ်အသင်းများက ပြန်လည်ပေးသွားမှာ ဖြစ်ပါတယ်” ဟု   မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးစိုင်းဇော်ဇော်က ပြောသည်။

 

ယင်းလှူဒါန်းထောက်ပံ့မှုကို မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် CEO ဦကျော်ဇင်းဦးနှင့် အလုပ်အမှုဆောင်များက ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့က ကလပ် ၆၅ သင်းမှ နည်းပြ၊ အားကစားသမား ၇၂၉ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၀ဝ၀ဝ စီဖြင့် စုစုပေါင်း ငွေကျပ် ၁၄၅၈၀ဝ၀ဝ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- အာကာစိုး