နေပြည်တော် ၇ ဇူလိုင်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လေ့လာလိုသည့် ပြည်တွင်း ရွေးကောက်ပွဲလေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လေ့လာလိုသည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင်လည်းကောင်း၊ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင်လည်းကောင်း ရွေးကောက်ပွဲလေ့လာခွင့်ကို ယနေ့မှစတင်ကာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
လွှတ်တော်ရွေးကောက်ပွဲများ လေ့လာရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူများ၏ ကျင့်ဝတ်များကို အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၀)နှင့် (၁၉/၂၀၂၀) တို့ဖြင့် လည်းကောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာအမှတ် (၂၀/၂၀၂၀)နှင့် (၂၁/၂၀၂၀) တို့ဖြင့် လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၇ ရက် (ယနေ့)တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အမိန့်ကြော်ငြာစာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ official website ဖြစ်သည့် https://uec.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် Download ရယူနိုင်ကြောင်း သိရှိရသည်။
MDN


