ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက်ယာယီဖြတ်တောက်ထားခြင်းနှင့်စပ်လျဉ်း၍ ယင်းသို့ အင်တာနက်ပိတ်ထားခြင်းသည် ထိခိုက်ခံစားနေရသည့် နေရာများတွင် နေထိုင်ကြသည့် ကိုဗစ်-၁၉ ကူးစက် ရောဂါကို ရင်ဆိုင်နေရသော ပြည်သူများအတွက် အသက်အန္တရာယ်ရှိနိုင်သည် ဟုဆိုကာ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားမှုအချို့ ရှိသည်။
အေအေသောင်းကျန်းသူများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ရပ်များ ပိုမိုပြင်းထန်လာခြင်းကြောင့် အစိုးရအနေဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ (၈) မြို့နယ် နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၁)မြို့နယ်တို့တွင် အင်တာနက်ဝန်ဆောင်မှုများကို ယာယီဖြတ်တောက်ထားရန် ၂၀-၆-၂၀၁၉ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါညွှန်ကြားချက်အား ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၇ နှင့်အညီ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းညွှန်ကြားချက်သည် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ်များအတွက်သာ အကျုံးဝင်သည်။ သို့သော် မိုဘိုင်း ဖုန်းအသုံးပြုခြင်းနှင့် စာသားသတင်းတိုများ ပေးပို့ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။
မိုဘိုင်းအင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ အေအေသောင်းကျန်းသူများက လက်လုပ်မိုင်းနှင့် အဝေးထိန်းမြေမြှုပ်မိုင်းများ ဖောက်ခွဲခြင်း၊ တိုင်းရင်းသားလူမျိုးများအကြား အမုန်းတရားများလှုံ့ဆော်ခြင်း၊ အစိုးရဝန်ထမ်းများအား တိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှုများကို စနစ်တကျလုပ်ဆောင်ခြင်းများရှိနေသဖြင့် အဆိုပါလုပ်ရပ်များမှကာကွယ်တားဆီးနိုင်ရန်အတွက် အင်တာနက်ကို ယာယီဖြတ်တောက်ရခြင်း ဖြစ်သည်။ အေအေ အနေဖြင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ပြားသွားစေရန်ရည်ရွယ်၍ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်းကဲ့သို့သော ကျူးလွန်မှုများကိုလည်း ပြုလုပ်လျက်ရှိသည်။
၂၀၁၉ ခုနှစ်သြဂုတ်လတွင် ပဋိပက္ခအခြေအနေများ တိုးတက်ကောင်းမွန်လာသည်ကို တွေ့လာရသဖြင့် ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင် နှင့် ပလက်ဝမြို့နယ် (၅) မြို့နယ်၌ အင်တာနက် ဝန်ဆောင်မှုကို ပြန်ဖွင့်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အေအေ၏ အကြမ်းဖက်လုပ်ရပ်များ၊ ပြန်လည်မြင့်တက်လာခြင်းကြောင့် အင်တာနက်ကို ထပ်မံယာယီဖြတ်တောက်ခဲ့ရသည်။ အခြေအနေများ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ အင်တာနက်အသုံးပြုနိုင်မှု ပုံမှန်ပြန်လည်ရရှိလာမည်ဖြစ်သည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ မေလမှစတင်၍ အင်တာနက်ဝန်ဆောင်မှု ပြန်လည်ရရှိနေပြီ ဖြစ်သည်။
အင်တာနက်ယာယီဖြတ်တောက်မှုသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မြန်မာအစိုးရ၏ “မည်သူ့ကိုမျှ ချန်လှပ်မထားရေး” မူဝါဒနှင့်အညီ ကြိုးပမ်းမှုများကို အဟန့်အတားမဖြစ်စေရန် လိုအပ်သည့်အစီအမံများ ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာအစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘေးဒဏ်သင့်ဒေသများတွင် နေထိုင်သူများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ အသိုက်အဝန်းများအားလုံးထံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ အသိပညာပေးမှုနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးပေးလျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်၍ အင်တာနက်ယာယီဖြတ်တောက်ထားသည့် ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် စာသားသတင်းတိုပေးပို့မှု (SMS) အခမဲ့ဝန်ဆောင်မှုများမှတစ်ဆင့် ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် အသိပညာပေး သတင်းအချက်အလက်များကို အစိုးရက ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အနီးဝန်းကျင်ရှိ အဓိကပြည်တွင်းနေရပ်စွန့်ခွာသူများစခန်းများ အားလုံးတွင်လည်း အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်ခြင်းမရှိဘဲ ရရှိအသုံးပြုနိုင်သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)တို့ကလည်း အစိုးရ၏ကြိုးပမ်းဆောင်ရွက်မှုများကို ထိရောက်စွာကူညီပံ့ပိုးပေးလျက်ရှိပြီး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအပါ အဝင် အသိုက်အဝန်းအားလုံးနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်နှင့် စစ်တွေမြို့နယ်စသည့် (၉) မြို့နယ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် တုံ့ပြန်ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်၊ မေလလယ်မှစတင်၍ အစိုးရနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့သည် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရေးတွင် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အထောက်အကူပြုရေးအတွက် ICRC ၏ လုပ်ငန်းစီမံချက်ကို အတည်ပြုခဲ့သည်။
ပြည်သူများအား အေအေ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်မှ အကာအကွယ်ပေးရေးအတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် “မည်သူ့ကိုမျှချန်လှပ်မထားရေး" မူဝါဒနှင့်အညီ ထိခိုက်ခံစားလွယ်သူများအပါအဝင် ပြည်သူအားလုံး အကျိုးခံစားခွင့် ရရှိစေရေးအတွက်လည်းကောင်း အစိုးရအနေဖြင့် လိုအပ်သည့် ထိရောက်သောအစီအမံများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၈ ရက်။


