ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ၏ သက်တမ်းသည် နှစ်တစ်ဝက်ကျော် ရှိခဲ့ပြီ။ ထိုအချိန်အတိုင်းအတာအတွင်းတွင် ကိုဗစ်ရောဂါသည် ကမ္ဘာတစ်ဝန်းသို့ခြေဆန့်ရင်း ပုံမှန်လည်ပတ်နေသည့်လူတို့၏ လူမှုဆက်ဆံရေးနှင့် စီးပွားရေးပုံစံများကို ပြောင်းလဲပစ်လိုက်လေသည်။ ယင်းရောဂါ၏ ကူးစက်ဖြစ်ပွားမှုနှင့် ပျောက်မှုအချိုးနှုန်းထားက ယခင်ဖြစ်ပွားခဲ့ဖူးသည့် အီဘိုလာရောဂါနှင့် နှိုင်းယှဉ်လျှင် များစွာနည်းပါးပါသည်။ သို့သော်လည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါ ကူးစက်သည့်နှုန်းက အီဘိုလာထက် အဆများစွာ မြန်ဆန်နေခြင်းကြောင့် ကမ္ဘာ့ပြည်သူတို့ အစိုးရိမ်ကြီးနေကြရခြင်းဖြစ်၏။
သေဆုံးဖိတ်စဉ်သည့်နှုန်းဟူသည် ရောဂါဖြစ်ပွားသည့် အရေအတွက်ကို မူတည်တွက်ချက်ခြင်းဖြစ်သည့်အတွက် ရောဂါကူးစက်ဖြစ်ပွားနှုန်း မြန်ဆန်လှသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ၏ ခြိမ်းခြောက်မှုကို ပိုမိုစိုးရိမ်နေကြရခြင်းလည်း ဖြစ်ပါသည်။
ရောဂါကူးစက်မှုနှုန်း မြန်ဆန်လွန်းသည့်အတွက် လူမှုအဖွဲ့အစည်းတစ်ရပ်လုံး စိုးရိမ်မှုများဖြင့် သတိထားကာကွယ်နေထိုင်ကြ၊ အိမ်တွင်းခြေချုပ်နေကြရင်း လနှင့်ချီ၍ကြာမြင့်လာသည့်အခါ လူအများစု၏နေရေး ထိုင်ရေး စားရေးသောက်ရေးကအစ အခက်အခဲများနှင့် ကြုံလာရ၏။ စီးပွားရေးလုပ်ငန်းရှင်များကလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ရပ်တန့်နှေးကွေးသွားသော ကာလရှည်သည်နှင့်အမျှ ပြိုလဲသွားနိုင်သည့် အနေအထားကို မြင်ယောင်စိုးရိမ်နေကြ၏။
ဗိုင်းရပ်စ်ရောဂါပိုးက တစ်နေရာနှင့်တစ်နေရာ ကူးလူးဆက်ဆံခြင်းကို အားမပေးဘဲ လူတစ်ဦးနှင့်တစ်ဦး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနည်းပါးရေးကို တောင်းဆိုနေ၏။ စီးပွားရေးလုပ်ငန်းရှင်များအဖို့မှာ တစ်မြို့နှင့်တစ်မြို့ ကူးသန်းသွားလာမှု အကန့်အသတ်များနေခြင်းက မနှစ်မြို့စရာ။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဝင်ထွက်သွားလာလို့မရ၊ ကူးလူးလို့မရ ဖြစ်နေခြင်းက စီးပွားရေးထောက်တိုင်ကြီးများကို ဖြိုလှဲပစ်နိုင်သည်ဟု တွေးတောပူပန်နေရ၏။
လူတို့၏ ဘဝများအတွက်မှာ အသက်ရှင်သန်ရေးနှင့် အလုပ်အကိုင် ပြေလည်ချောမွေ့ရေးတို့က ဆက်စပ်နေ၏။ လိုအပ်သည် ချည်းသာဖြစ်၏။ ထို့ကြောင့်ပင် ရောဂါကာကွယ်ပပျောက်ရေးအတွက် အကန့်အသတ်များထားခြင်းနှင့် စီးပွားရေးလုပ်ငန်းများတုန့်နှေးရပ်ဆိုင်းခြင်းတို့၏ လွန်ပွဲကို မည်သို့သော အချိန်အဆဖြင့် ကိုင်တွယ်ထိန်းချုပ်မည်လဲဆိုသည်ကို နိုင်ငံငယ်များဖြစ်စေ နိုင်ငံကြီးများဖြစ်စေ နည်းလမ်းရှာဖွေတွက်ချက်နေ ကြရပေသည်။ နိုင်ငံအသီးသီး၏အနေအထားနှင့် အခြေအနေအရပ်ရပ်ပေါ်မူတည်၍ လုပ်ကိုင်ပုံချင်း၊ အဖြေရှာပုံချင်းမတူညီကြ၊ မည်သူမှန်၍ မည်သူ မှားသည်ဟုလည်း မှတ်ချက်ပြုလို့မရသည့် အခြေအနေဖြစ်လေသည်။
မိမိတို့နိုင်ငံတွင်း ကျန်းမာရေးသတိကိုလည်း မပြတ်စေဘဲ ပုံစံပြောင်းလဲနိုင်သော စီးပွားရေးလုပ်ငန်းများ၊ နှေးကွေးသွားမည့်လုပ်ငန်းများကို အစားထိုးနိုင်မည့် နည်းလမ်းများ၊ အခြေခံကျသည့်လိုအပ်ချက်များအတွက် ဖြည့်ဆည်းနိုင်မည့် နည်းလမ်းများ၊ အလုပ်လက်မဲ့ တိုးပွားလာမှုကို ပြေလျော့စေမည့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်လာနိုင်မည့် ပုံစံသစ်၊ မူသစ် စီးပွားရေးလုပ်ငန်း ဖန်တီးမှုများ စသည်ဖြင့် အဖုံဖုံသော အခြေအနေမျိုးစုံပေါ်မူတည်ကာ စီမံကိန်းသစ်များကို အစိုးရပိုင်းကရော ပုဂ္ဂလိကပိုင်းကရော ရေးဆွဲပြင်ဆင်နေကြရသည်။
ဥပမာအားဖြင့် ယခုအခါ အိမ်တိုင်ရာရောက် အရောက်ပို့ ရောင်းဝယ်ကြသည့်ကုန်သွယ်မှုစနစ် တွင်တွင်ကျယ်ကျယ် နေရာယူလာ၏။ ထိုသို့သော လုပ်ကိုင်မှုနည်းလမ်းနှင့် ပုံစံအသစ်များကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာနေ၏။ များစွာသော ရုံးလုပ်ငန်းများကို နေအိမ်မှလုပ်ကိုင်နိုင်သည့် ပုံစံအဖြစ်ပြောင်းလဲလာသည်တို့လည်းရှိ၏။ ဘဏ်နှင့် ငွေကြေးစနစ်၊ အာမခံစနစ်များတွင် ခေတ်မီနည်းပညာတို့ဖြင့် မိမိအိမ်တွင်းမှ ပိုမိုအဆင်ပြေ တွင်ကျယ်အောင်လုပ်နိုင်မည့် နည်းလမ်းများကို ကြံဆလာကြ၏။
ထုတ်လုပ်ရေးလုပ်ငန်းများတွင်လည်း လူအများတစ်ဦးနှင့်တစ်ဦး နီးကပ်စရာမလိုဘဲ၊ သို့မဟုတ် စက်ရုံအလုပ်ရုံများကို ကျန်းမာရေးအရ စိတ်ချရသည့် ဝန်းကျင်များပြောင်းလဲပြင်ဆင်ပေးခြင်းဖြင့်လည်းကောင်း၊ အလုပ်သမားများကို အလှည့်ကျအလုပ်ဆင်းစေခြင်း စက်ရုံအလုပ်ရုံတွင်းသို့ ဝင်သည်နှင့် ပိုးသတ်အကာအကွယ်ပေးခြင်း၊ အလှည့်ကျအလုပ်ဝင်စေခြင်း စသည့် နည်းလမ်းသစ်များဖြင့်လည်းကောင်း ပြင်ဆင်ဖန်တီးကာ ပြောင်းလဲလာရန် ကြိုးစားလာကြ၏။
ထိုသို့သော ပြောင်းလဲမှုများ ပုံစံသစ်ဖန်တီးမှုများနှင့်အတူ အခြားတစ်ဖက်တွင် ယနေ့ဖြစ်ပွားလာသည့် ပြဿန၏အရင်းအမြစ်ဖြစ်သော ကူးစက်ရောဂါကို ထိန်းချုပ်နိုင်ရန်၊ ကာကွယ်နိုင်ရန်၊ ပျောက်ကင်းအောင် ကုသနိုင်ရန်တို့အတွက်ကာကွယ်ဆေး၊ ကုသဆေးတို့ကို ထုတ်လုပ်ဖော်စပ်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြရပါသည်။
ဤသို့ဖြင့် ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် စီးပွားရေး ချောမွေ့လည်ပတ်ရေး အချိန်အဆကို နိုင်ငံတစ်နိုင်ငံချင်းအလိုက် ကြံဆဆောင်ရွက်နေကြရသည်။ ထို့နည်းတူ လူတစ်ဦးချင်းတို့၏ ဘဝများတွင် လည်း မိမိတို့ဘဝအခြေအနေပေါ်မူတည်ကာ ရောဂါကာကွယ်ရေးနှင့် မိမိ၏ အလုပ်အကိုင်တို့ကို ချိန်ဆထိန်းသိမ်းလုပ်ကိုင်နေကြရမည်သာ။ လက်ငင်းကာလ အဓိကနှင့် အရေးကြီးဆုံးက မိမိကိုယ်တိုင်နှင့်တကွ မိမိ မိသားစု၊ မိမိလူမှုဝန်းကျင်တွင်ရှိသူများ ကပ်ရောဂါဘေးမှကင်းလွတ် ရှင်သန်နိုင်ရေးဖြစ်ပါမည်။
လူစုလူဝေးကို အတတ်နိုင်ဆုံးရှောင်ကြဉ်ခြင်း၊ မဖြစ်မနေ သွားလာရသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောခြင်းတို့ကို မမေ့လျော့ မပေါ့ဆကြ ရန်တည်း။ ။
မြန်မာ့အလင်း