မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု မြင့်မားနှုန်းမှာလည်း ကျေးလက်ဒေသများ ဖြစ်သည်။ လက်ရှိ လူမှုစီးပွားအခြေအနေအရလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့်လည်းကောင်း ကျေးလက်ဒေသမှ အလုပ်လုပ်ကိုင်ကြသူများမှာ ရွှေ့ပြောင်းလုပ်သားများအဖြစ် ပြောင်းလဲလုပ်ကိုင်လာကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးမှုမှာ အလှမ်းဝေးလျက်ရှိသည်။

လူတို့၏သဘာဝမှာ ရေကြည်ရာမြက်နုရာတွင် ပြောင်းရွှေ့လုပ်ကိုင်ကြစမြဲဖြစ်၍ မိမိဒေသတွင် ရေမကြည် မြက်မနု နေထိုင်လုပ်ကိုင်ချင်စရာ မရှိသမျှ ပြောင်းရွှေ့ကြမည်မှာ သဘာဝပင်ဖြစ်သည်။ ထိုသို့ပြောင်းရွှေ့ လုပ်ကိုင်မှုကြောင့် စွန့်လွှတ်ပေးဆပ်ရမှုများမှာ များလှပေသည်။ ရွှေ့ပြောင်းလုပ်သားများမှာ ပြည်တွင်းမြို့ပြများ၌သာမက အဆင်ပြေရာ ပြည်ပနိုင်ငံများသို့လည်း အမြောက်အမြားပြောင်းရွှေ့ လုပ်ကိုင်နေကြသည်ကို မြင်တွေ့ ကြရမည်ဖြစ်သည်။

လက်ရှိကာလတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကြောင့် မိခင်နိုင်ငံသို့ ပြန်လိုကြသော ရွှေ့ပြောင်းလုပ်သားများ နေ့စဉ်တဖွဲဖွဲ ပြန်လာနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့သော မတည်မြဲမှုအခြေအနေများကြောင့် ကျေးလက်နေပြည်သူများ၏ဘဝမှာ မရေရာမသေချာဖြစ်ကြရသည်။ ယင်းတို့ကို ကုစားပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက နည်းလမ်းအမျိုးမျိုး ရှာဖွေလုပ်ကိုင်ပေးနေသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းများကို ခေတ်အဆက်ဆက် လုပ်ကိုင်ခဲ့သော်လည်း ခရီးမပေါက်ခဲ့သဖြင့် ယခုအခြေအနေတွင် မဖြစ်မနေခရီးရောက်အောင် ကြိုးစားလုပ်ဆောင်နေကြသည်ကို မြင်တွေ့လိုက်ရသည်။

ကျေးလက်ဒေသပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွင် တောင်သူလယ်သမားများအတွက် အသေးစားလယ်ယာ စီးပွားရေးလုပ်ငန်းပံ့ပိုးပေးခြင်းနှင့် Cash For Work စီမံကိန်းဖြင့် ကျေးရွာများအား ထောက်ပံ့ပေးခြင်းတို့သည် ထိရောက်သောအစီအစဉ်များဖြစ်သည်။ အသေးစားလယ်ယာစီးပွားရေးလုပ်ငန်းတွင် တောင်သူလယ်သမားများအနေဖြင့် ထုတ်ကုန်ရောင်းအားကျဆင်းပြီး ဝင်ငွေမရှိသည့်အခါ သို့မဟုတ် ပုံမှန်ပြည်ပငွေလွှဲများ မရှိသည့်အခါ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့ထုတ်လုပ်ငန်း ဧက တစ်သိန်း စီမံကိန်းကို နိုင်ငံတစ်ဝန်းလုံးတွင် အကောင်အထည်ဖော်လိုက်ခြင်းသည် စိုက်ပျိုးထုတ်လုပ်မှုစွမ်းအား မြင့်မားပြီး တောင်သူများ ဝင်ငွေတိုးတက်စေမည် ဖြစ်သည်။

Cash For Work စီမံကိန်းသည် ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၀၀ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများပြုပြင်ခြင်း၊ ရေနုတ်မြောင်းများပြုပြင်ခြင်း၊ ကွန်ကရစ် လမ်းများခင်းခြင်း၊ မြေသားလမ်းများခင်းခြင်း၊ မိုးရေလှောင်ကန်များ တူးဖော်ပြုပြင်ခြင်း စသည့်လုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ဖော်ထုတ်၍ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင် အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည်။ မိမိကျေးရွာဖွံ့ဖြိုးရေးအတွက် အလုပ်လုပ်ကြသော ကျေးရွာသူ၊ကျေးရွာသားများကို လုပ်အားခပေးချေသောစနစ် ဖြစ်သည်။ ထောက်ပံ့ငွေ၏ အနည်းဆုံး ၄ဝ ရာခိုင်နှုန်းကို လုပ်အားခအဖြစ် အသုံးပြုပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ပစ္စည်းသုံးမည်ဖြစ်၍ ဝင်ငွေလည်းရ၊ ရွာလည်းလှသည့် လက်တွေ့ကျသော စီမံကိန်းဖြစ်သည်။

အလားတူ စီမံကိန်းအမျိုးမျိုးကို ကျေးလက်ဒေသများတွင် စတင်ဖော်ဆောင်နေပြီး နိုင်ငံတော်အစိုးရက ကမ္ဘာ့ဘဏ်ချေးငွေ၊ နိုင်ငံတော်ရန်ပုံငွေတို့ဖြင့် အမြောက်အမြားကျခံထောက်ပံ့နေပြီ ဖြစ်သည်။ ယင်းရန်ပုံငွေ များကို ကျေးလက်ပြည်သူလူထု လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက် အားသွန်ခွန်စိုက်လုပ်ကိုင်ကြခြင်းဖြင့် ကျေးလက်ဒေသများ လှပဝေစည်အောင် ကြိုးစားရမည်ဖြစ်သည်။ ထိုစီမံကိန်းများသည် ရပ်ရွာအခြေပြု လုပ်ငန်းများဖြစ်၍ ကျေးလက်ပြည်သူများအားလုံး စည်းလုံးညီညာစွာဖြင့် စနစ်တကျဖော်ဆောင်တတ်ခြင်း၊ ဒီမိုကရေစီ အလေ့အကျင့်ကောင်းများရရှိခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ  အရှိန်အဟုန်မပြတ်ထုတ်လုပ်နိုင်ပြီး ကျေးလက်ပြည်သူများ လူမှုစီးပွားနှင့်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသော လူမှုစီးပွားစိန်ခေါ်မှုများကို ကျေးလက်နေပြည်သူများ၏ စုပေါင်းစွမ်းပကားဖြင့် ကျော်လွှားနိုင်မည့် အင်အားများ ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများလျှော့ချရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ကြောင့်ပင် ရရှိလာပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ အမြော်အမြင်ရှိမှု၊ စီမံခန့်ခွဲပေးမှုတို့ဖြင့် ကျေးလက်နေပြည်သူအားလုံး ညီညီညွတ်ညွတ်ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ကျေးရွာတစ်ရွာချင်းစီမှ တစ်တိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ကြဉ်ကြရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ