ဘားအံ   ၈ ဇူလိုင်

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်ဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကရင် ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်သည် ယမန်နေ့ နံနက်ပိုင်းက မြိုင်ကြီးငူ အထူးဒေသသို့သွားရောက် ကွင်းဆင်းခဲ့ကြောင်း သိရသည်။

 

ဦးစွာ ပြည်နယ်လူမှုရေးဝန်ကြီးသည် မြိုင်ကြီးငူအထူးဒေသရှိ မြို့မိမြို့ဖများ၊ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှုးများ၊ ကျန်းမာရေးဝန်ထမ်းနှင့် တွေ့ဆုံပြီး အချို့ ကလေးငယ်များသွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေသည့် အတွက်ကြောင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ထိုသို့တွေ့ဆုံရာတွင် ခြင်ကိုက်ခံရမှုကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနိုင် သဖြင့် ခြင်ကိုက်ခံမှု မရှိအောင်ကာကွယ်ရေး၊ ခြင်ပေါက်ပွားမှု မရှိရေး စုပေါင်းဆောင်ရွက်ရမည့်အခြေအနေများ၊ အဓိကကလေးငယ်များ ကျန်းမာရေးမကောင်းပါက ဆေးရုံ၊ဆေးခန်း လာရောက်ပြသစေခြင်းဖြင့် အမြန်ဆုံးကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်နိုင်မည်ဖြစ်တာကြောင့် ဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့သည်။

 

 ဆက်လက်ပြီး ပြည်နယ်လူမှုရေးဝန်ကြီး၊ လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူများသည် ရပ်ကွက်အတွင်း ခြင်ပေါက်ဖွားနိုင်သည့်နေရာ အချို့နေရာများအား သွားရောက်စစ်ဆေးကာ ဆောင်ရွက်ရမည့်အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)