မကွေး ၈ ဇူလိုင်
တချို့သော ကိစ္စများနှင့် ပတ်သက်၍ ကာကွယ်ဆေးထိုးလုပ်ငန်းအပေါ် ထင်ယောင်ထင်မှား စိတ်ဖြစ်ကာ မိမိတို့၏ ရင်သွေးငယ်ကလေးများအား ကာကွယ်ဆေးမထိုးဘဲထားပါက ကူးစက်ရောဂါများ ခံစားရနိုင်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ တချို့သော ထင်ယောင်ထင်မှားတွေ ၊ ထင်မြင်ယူဆချက်က ကလေးမိဘတွေမှာ စိုးရိမ်ပူပန်သောကတွေ ဖြစ်စေပါတယ်။ အဲတာတွေက ကာကွယ်ဆေး ထိုးလုပ်ငန်းတွေအပေါ်မှာ သက်ရောက်မှုရှိပြီးတော့ ကလေးတွေကို ကာကွယ်ဆေးမထိုးဘဲထားရင် ပြင်းထန်ရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီလိုမလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ” ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာခင်မောင်သန်း ကပြောသည်။
ဇူလိုင်လ (၃) ရက်နေ့က ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာ (၅) ရွာတွင် ကလေးငယ် (၅၄) ဦး ကာကွယ်ဆေး ထိုးခဲ့ကြောင်း ၊ အင်းဒေါင်းကျေးရွာမှ ကာကွယ်ဆေးထိုးသည့် ကလေး (၁၅) ဦးအနက် (၄) ဦးမှာ ဖျားနာ၊ ဝမ်းလျှော၍ ဇူလိုင်လ (၄) ရက် နေ့၌ဆေးရုံတင်ခဲ့ရကာ တစ်နှစ်ခွဲအရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ ဒီလိုမျိုးဖြစ်စဉ်မျိုးတွေ မကွေးတိုင်းမှာ မတွေ့ဖူးသေးဘူး။ ယေဘုယျအားဖြင့် ကာကွယ်ဆေးတွေ ဆိုတာ အန္တရာယ်ကင်းပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း ထိုးပေးနေပါတယ်။ မနှစ်က မကွေးတိုင်းမှာ ဝက်သက်၊ ဂျိုက်သိုး ရောဂါဖြစ်တာ ကလေး ၂၀၀ လောက်ရှိတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ ထိုးပေးလိုက် တော့ ဒီနှစ်ထဲမှာ ၄ ဦးပဲ ဖြစ်ပွားတယ်။ ပြင်းထန်တဲ့ အဆုတ်ရောင် ၊ ဦးနှောက်ရောင် ၊ ပိုလီယို ၊ ဆုံဆို့ ရောဂါတွေဖြစ်ပြီး ဒီဆေးတွေက သေဆုံးမှုကနေ ကာကွယ်ပေးနိုင်ပါတယ် ” ဟု ဒေါက်တာခင်မောင်သန်းက ဆိုသည်။
ကလေးနှစ်ဦး သေဆုံးရခြင်းအပေါ် ရောဂါရာဇဝင် ၊ လက္ခဏာ ၊ စမ်းသပ်စစ်ဆေးချက် ၊ ဓာတ်ခွဲ စစ်ဆေးချက် ၊ ရင်ခွဲစစ်ဆေးချက်များကို တိုင်းအဆင့် ၊ နိုင်ငံတော်အဆင့် စစ်ဆေးမှုများလုပ်ဆောင်နေပြီး ကာကွယ်ဆေးထိုးခြင်းနှင့် ဆက်နွယ်မှု ရှိ၊ မရှိ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
“ ဆေးထိုးပြီး သုံးနာရီလောက်အကြာမှာ ကလေးက အန်ပြီးတော့ ဝမ်းလျှောတယ်။ နောက်နေ့မနက် ဆရာမ ဆီက ဆေးတောင်းပြီးတိုက်တော့ နှုတ်ခမ်းတွေပါပြာနေလို့ ပွင့်ဖြူဆေးရုံကိုပို့တယ်။ အဲဒီကနေ မင်းဘူးဆေးရုံကို လွှဲတယ်။ ဆေးရုံရောက်တဲ့အချိန်မှာ သေသွားတာပါ ” ဟု အင်းဒေါင်းကျေးရွာမှ သေဆုံးသူကလေး၏ မိခင်မခင်လှိုင်းဇာ က ဆိုသည်။
မကွေးတိုင်း၌ ကလေးငယ်ခြောက်သောင်းခန့်အား နှစ်စဉ်ကာကွယ်ဆေးများ ထိုးပေးနေပြီး ကာကွယ်ဆေးကြောင့် ကလေးငယ်များအပေါ် ထိခိုက်မှုမရှိခဲ့ကြောင်း ၊ လတ်တလော ဆေးရုံတက်နေရသည့် ကိုးလအရွယ်ကလေးနှစ်ဦးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် တစ်နှစ်ခွဲအရွယ်ကလေးများကို ဝက်သက်၊ဂျိုက်သိုး ကာကွယ်ဆေးနှင့် ငါးမျိုးစပ် ကာကွယ်ဆေး ၊ ကိုးလအရွယ်ကလေးများကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးနှင့် ဝက်သက်ကာကွယ်ဆေးများ ထိုးပေးနေကြောင်း သိရသည်။
ဇေယျတု(မကွေး)


