ဒီးမော့ဆို ၈ ဇူလိုင်    

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ အား ကိုဗစ်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေ ပေးအပ်ခြင်းနှင့် လူမှုအသင်းအဖွဲ့များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်းကို ဇူလိုင် ၇ ရက် ညနေ ၄ နာရီက ငွေတောင်ကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ပေးအပ်ပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို မှ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီး ဦးဘော့စ်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘော်ရယ်စိုးဝေ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်နှင့် တာဝန်ရှိသူများက မြို့မရပ်ကွက်၊ ဒီးမော့ဆိုကျေးရွာ နှင့် ငွေတောင်ကျေးရွာရှိ အသက်(၈၅) နှစ်နှင့် အထက် ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ကိုဗစ်ကာလ ထပ်ဆောင်း ထောက်ပံ့ငွေများကို လက်အရောက် ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများက ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော မြို့နယ်အတွင်းရှိ လူမှုအသင်းအဖွဲ့ ၅ ဖွဲ့အား အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်သောအဖွဲ့မှ ဂုဏ်ပြုချီးမြှင့် သော ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

 

ဒီးမော့ဆိုမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား ၂၀၅ ဦး ထောက်ပံ့ငွေ ရရှိပြီး သက်ကြီးဘိုးဘွား တစ်ဦးလျှင် လူမှုဝန်ထမ်းဦးစီးဌာန ပုံမှန်ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ငွေကျပ် ၃၀၀၀၀ အပြင် LIFT Myanmar မှ ကိုဗစ်ကာလ အပိုဆောင်း ထောက်ပံ့ငွေကျပ်  ၃၀၀၀၀ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၆၀၀၀၀ ရရှိကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက်နှစ်နှစ်အောက် ကလေးသူငယ် ၃၆၆၃ ဦးအတွက် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတွင် အကျိုးခံစားခွင့်ရှိသည့် စာရင်းကို အခြေပြုပြီး တစ်ဦးလျှင် ထပ်ဆောင်းထောက်ပံ့ငွေ ကျပ်  ၃၀၀၀၀ ရရှိကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)