ချောင်းဦး  ၈  ဇူလိုင်  

 

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင် ချောင်းဦးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ခြင်းအတွက် တိရစ္ဆာန်မွေးမြူထုတ်လုပ်မှု သင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမ၌  ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးက အမှာစကား ပြောကြားပြီး  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာလှစိန်က  သင်တန်းဖွင့်လှစ် ရခြင်း အကြောင်းများကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ဒေါက်တာလှစိန်က ကိုဗစ်ကာလတွင် မွေးမြူရေးသမားများကို စီးပွားရေးရိုက်ခက်မှု အခက်အခဲများ ရိုက်ခက်မှုကြောင့် ဒီအခက်အခဲများကို ပြေပျောက်ရန် ဖြေလျှော့သည့်အနေဖြင့် သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သင်တန်းများအနေနဲ့ တိရစ္ဆာန်ကျန်းမာရေး ဖွံ့ဖြိုးမှုသင်တန်း၊ မေထုန်မဲ့ သားစပ်သင်တန်း၊ ကျွဲ၊ နွား ၊ သိုး၊ ဆိတ် ၊ ကြက် မွေးမြူထုတ်လုပ်မှုသင်တန်း စသည်ဖြင့် သင်တန်း (၆)မျိုးကို ဆူးလေကုန်းကျေးရွာ၊ ဘူတာကျေးရွာ၊ ၀ယာကျေးရွာ၊ မှန်ချိုကျေးရွာများတွင် နေရာခွဲ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊  သင်တန်းများကို နောက် (၃) လ အတွင်း ပြီးစီးအောင် သင်ကြားပေးမည် ဖြစ်ကြောင်း ပြောသည်။ 

 

ယနေ့ ချောင်းဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ ဖွင့်လှစ်သည့် သင်တန်းမှာ မေထုန်မဲ့ သားစပ်နည်းသင်တန်းဖြစ်ပြီး သင်တန်းသား ၂၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 

 

ယမင်း(ရွှေဦးမြေ)