မိုးညှင်း ၈ ဇူလိုင်
ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း နိုင်ငံတစ်ဝန်းလုံးရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို နိုင်ငံတော် အစိုးရအနေဖြင့် ထောက်ပံ့မှုများပေးလျက်ရှိရာ မိုးညှင်းမြို့နယ်အတွင်း ဒုတိယအကြိမ်ထောက်ပံ့မှုအဖြစ် အိမ်ထောင်စု ၁၀၈၄ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ ငွေကျပ် ၂၇၀၆၀၀၀၀ ကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း နှင့် တာဝန်ရှိသူများသည် ရွာသစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ အောင်သပြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း၊ ဟဲလုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း ရပ်ကွက်/ကျေးရွာအုပ်စု များအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မိုးညှင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများကို ပထမအကြိမ်ထောက်ပံ့မှုအနေဖြင့် ရိက္ခာ (၅)မျိုးကို အိမ်ထောင်စု ၇၆၇၀ အတွက် ထောက်ပံ့ပေးနိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်အတွင်း ထောက်ပံ့ပေးအပ်ရန် ကျန်ရှိခဲ့သည့်မိသားစုဝင်များအား ယခုဒုတိယအကြိမ်အနေဖြင့် ထောက်ပံ့ပေးခြင်းဖြစ်သည်။
ကချင်ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက မိုးညှင်းမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၂၈)စုမှ ပုံမှန်ဝင်ငွေ မရှိသောအိမ်ထောင်စုများအတွက် အဆိုပါထောက်ပံ့ငွေများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံ ဇူလိုင် ၁ ရက်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၇ ရက်မှစ၍ ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုများအလိုက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


