ရေတာရှည်  ၈  ဇူလိုင် 

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင် မြောက်မှတောင်သို့ စီးဆင်းသွားသည့် စစ်တောင်း မြစ် အတွင်း၌ စက်တပ်ယာဉ်များဖြင့် တရားမဝင်ရှော့တိုက်ငါးဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိ၍ အုပ်စုဖွဲ့ကာ ပိုက်စိတ်တိုက် ရှော့ခ်တိုက်ငါးဖမ်းဆီးမှုများ ပိုမိုများလာသည်ဖြစ်ရာ ဒေသခံပြည်သူများက အရေးယူပေးနိုင်ရန် ဆန္ဒရှိနေကြခြင်းဖြစ်သည်။

 

“အရင်က တစ်စီး နှစ်စီးလောက်ပဲရှော့ခ်တိုက် တာတွေမြင်ဘူးတာ ၊ ခုဟာက မြစ်ရေပြင် တစ်ခုလုံးကို စက်လှေတွေ တန်းစီပြီး ရှော့ခ်တိုက်ကြတာ။ ဒီလိုတွေ တရားမဝင်ဖမ်းဆီးနေလို့ပဲ ငါးကအရမ်းရှားသွားပြီ။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး အရေးယူပေးစေချင်တာပါ” ဟု ဥသျှစ်ပင်ကျေးရွာနေ ဒေသခံတစ်ဦးကပြောသည်။ 

 

တရားမဝင်ရှော့ခ်တိုက် ငါးဖမ်းဆီးခြင်းကို ယခင်က တစ်ပိုင်တစ်နိုင် မိသားစုစားဝတ်နေရေးအတွက်သာ ဆောင်ရွက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် စီးပွားဖြစ် ငါးရှဉ့်ဖမ်းခြင်းနှင့် ငါးဖမ်းခြင်းတို့ကို ဆောင်ရွက်လာကြခြင်းဖြစ်ပြီး သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် တရားမဝင် နည်းလမ်းများကိုအသုံးပြုလုပ်ကိုင်နေကြခြင်းကို ဒေသခံများကိုယ်တိုင် လက်ခံခြင်းမရှိတော့ဘဲ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးနိုင်ရန် လိုလားနေကြခြင်းဖြစ်သည်။ 

 

ကိုလွင်(ဆွာ)