ကျောက်တလုံးကြီး    ၈    ဇူလိုင်

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့နှင့် အနီးတစ်ဝိုက်ရှိ ‌ဒေသခံပြည်သူများ သည် သနပ်ဖက်ကို အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိပြီး နှစ်စဉ် သနပ်ဖက်လုပ်ငန်းဖြင့် မိသားစုဝင်ငွေများ ရရှိနိုင်ရန် စိုက်ပျိုးလျက်ရှိရာ သနပ်ဖက်ပေါ်ချိန်တွင် စျေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

 

သနပ်ဖက်ကို ဆေးပေါ့လိပ်တွင် အများဆုံးအသုံးပြုပြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အများဆုံး စိုက်ပျိုး ကြကြောင်း သိရသည်။ သနပ်ဖက်ကို စိုက်ပျိုးလာသည်မှာ ဆယ်နှစ်သက်တမ်းရှိပြီဖြစ်တဲ့ တောင်သူဒေါ်နန်းစွဲက “သနပ်ဖက်ကို စိုက်ပျိုးလာတာ ဆယ်နှစ်ရှိပြီ။ သနပ်ဖက်ကို တစ်ဧကခွဲလောက်စိုက်ထားတယ်။ သနပ်ဖက် တစ်ရွက်ရဖို့ တော်တော်ပြုစုရတယ်။ အရွက်ကြီးကြီးရဖို့ ဘေးကတက်လာတဲ့ အညွန့်တွေကို ချွေပေးရတယ်။ ဘာလို့ဆို အကိုင်းအတက်ကို တစ်ခုထက်ပိုပြီးလည်း မထားရဘူး။ အဲလိုထားလိုက်ရင် အရွက်တွေက မကြီးတော့ဘဲ အရွက်တွေ သေးသွားတယ်။ အဲဒါကြောင့် ကျွန်မက ဘေးကထွက်လာတဲ့ အညွန့်တွေကို ခြွေနေတာ။ ပိုးတွေကလည်း အလွန်ကျတော့ ပိုးသတ်ဆေးတွေ ဖျန်းပေးရတယ်။ အညွန့်တွေ ဆက်တက်နိုင်အောင်ပေါ့။ အရွက်ခူးဖို့ နှစ်လစောင့်ရတယ်။ တချို့က နှစ်လခွဲလောက် စောင့်ရတယ်”ဟု သနပ်ဖက် အညွန့်ခြွေရင်း ပြောသည်။

 

ဆက်လက်၍ ၎င်းက “သနပ်ဖက်အရွက်လှော်ဖို့ အရင်ဆုံး အပင်ကအရွက်တွေကို ဝါဆိုလ၊ ဝါခေါင်လ၊ တော်သလင်းလ၊ သီတင်းကျွတ်လအထိ လေးကြိမ်ဆွတ်ခူးရပြီး လေးကြိမ် လှော်ရတာပေါ့၊ ပထမ တစ်လမှာ သနပ်ဖက်ပင်ရဲ့ အောက်ခြေက အရွက်တွေကို ခူးဆွတ်ပြီး အဲဒီကနေ အပင်အဖျားထိ လအလိုက်ခူးဆွတ်ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

 

 “သနပ်ဖက် အရွက်ခူးပြီးနောက် သနပ်ဖက်အရွက်ရှိအကြောတွေကို သင်ရတယ်။ အဲဒါက ဆေးလိပ်ခုံတွေက ဆေးလိပ်လိပ်ရင် လွယ်အောင်လို့ပေါ့။ အရွက်လှော်တဲ့အချိန်ဆို အရမ်းပင်ပန်းတယ်။ အိပ်ရေးလည်းပျက်တယ်။ မိသားစုအားလုံး အချိန်ခွဲပြီး လှော်ကြရတယ်။ အရင်ရှေ့တစ်နှစ်က စျေးကောင်းရတော့ ခြံက သနပ်ဖက် အထွက်နည်းတယ်။ အဲဒီတုန်းက တစ်ပိဿာကို တစ်သောင်းနှစ်ထောင်ကျပ် အထိစျေးရတယ်။ အရင်နှစ်ကတော့ သနပ်ဖက် အထွက်ကောင်းပြန်တော့ စျေးကကျတယ်။ တစ်ပိဿာကို ငါးထောင်လောက်ပဲ ရောင်းရတယ်။ သနပ်ဖက် အရွက်အကြီးအသေး စျေးလည်းမတူဘူး။ အသေးဆို အဲဒီထက်စျေးနည်းတယ်။ ဒီနှစ်မှာ သနပ်ဖက် စျေးကောင်းပြန်ရဖို့ မျှော်လင့်နေပါတယ်” သနပ်ဖက်စိုက်ပျိုးသူ ဒေါ်နန်းစွဲက ပြောသည်။

 

ကျောက်တလုံးကြီးမြို့တွင် စပါး၊ ပြောင်း၊ ပဲစိမ်းငုံ၊ မြေပဲ၊ ဆနွင်း၊ ချင်း၊ ထောပတ်၊ လိမ္မော်နှင့် သနပ်ဖက် စသည်များကို စိုက်ပျိုးပြီး သနပ်ဖက် စိုက်ဧက ၁၆၈၃ ဧကစိုက်ပျိုးလျက်ရှိပြီး သနပ်ဖက်ကို တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး၊ ကျောက်တလုံးကြီးတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

 

ခွန်အာကာ(ကျောက်တလုံး)