ရေနံချောင်း ၈ ဇူလိုင်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် တွင်းကုန်းရပ်ကွက် သုဿန်၏အနောက်ဘက် ရေနံမြေဧရိယာ လုံခြုံရေးဂိတ်(၃၀၄၅)အနီးတွင် တွေ့ရှိခဲ့သည့် တိရစ္ဆာန်ဦးခေါင်းပုံသဏ္ဍာန်ဟု ယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်းကို ဇူလိုင် ၇ ရက်နေ့က ဘူမိဗေဒပညာရှင်များနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ထိခိုက်ပျက်စီးမှုမရှိစေရန် တူးဖော်ခဲ့သည်။
ယင်းကျောက်ဖြစ်ရုပ်ကြွင်းသည် ဧရာဝတီကျောက်လွှာစုထဲတွင် တွေ့ရှိရပြီး လွန်ခဲ့သည့်နှစ်သန်းပေါင်း ၅ သန်းနှင့်အထက် သက်တမ်းရှိသော ရေချိုမိကျောင်းတစ်ကောင်၏ ဦးခေါင်းပိုင်းဖြစ်နိုင်ကြောင်း မကွေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ဒေါက်တာပိုင်စိုး၏ အကြမ်းမျဉ်းသုံးသပ်ချက်အရ သိရသည်။
အဆိုပါကျောက်ဖြစ်ရုပ်ကြွင်းကို မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာတွင် ထိန်းသိမ်းထားပြီး အသေးစိတ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းကျောက်ဖြစ်ရုပ်ကြွင်းအား တူးဖော်ရာတွင် မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်း၊ မကွေးတက္ကသိုလ် ဘူမိဗေဒဌာနမှ တွဲဖက်ပါမောက္ခ ဦးဝင်းလွင်သိန်း၊ ဒေါက်တာပိုင်စိုးနှင့်အဖွဲ့ ရေနံချောင်းဒီဂရီကောလိပ် ဘူမိဗေဒဌာနမှ ကထိကဒေါ်မာလွင်နှင့်အဖွဲ့၊ ရေနံချောင်းမြို့နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးနေဝင်းနှင့် တွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က ကြီးကြပ်၍ ထိခိုက်ပျက်စီးမှုမရှိစေရန် အထူးဂရုပြုတူးဖော်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး


