မင်းတပ်  ၈  ဇူလိုင်

 

မင်းတပ်မြို့ ဘောခွီးနွားနောက် မျိုးထိန်း၊မျိုးပွားနှင့် သုတေသနခြံအတွင်းရှိ ရုံးအဆောက်အအုံ တည်ဆောက် ပြီးစီးမှုအခြေအနေကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဦးမောင်ထူးနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

 

ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ နွားနောက်မျိုးထိန်း၊ မျိုးပွားနှင့် သုတေသနခြံအတွင်းရှိ ရုံးအဆောက်အအုံကို My New Live ကုမ္ပဏီမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၀၄)ဖြင့် တည်ဆောက်လျက်ရှိပြီး ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးသက်နိုင် ထံမှ သိရသည်။

 

ဆက်လက်၍ သုတေသနခြံအတွင်းရှိ နွားနောက်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေကို သတ်မှတ် အရည်အသွေးပြည့်မီစွာ ဆောက်လုပ်မှုရှိ/မရှိ သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

 

ဘောခွီးနွားနောက်မျိုးထိန်း၊ မျိုးပွားနှင့် သုတေသနခြံအတွင်း ဒေသမျိုးရင်းနွားနောက် ၂၈ ကောင် မွေးမြူမည်ဖြစ်ပြီး အဆိုပါနွားနောက်များအတွက် ရိုစီမြက်၊ နေဗီယာနှင့် မာကာပင်များ ၆ ဒသမ ၅ ဧကတွင် စိုက်ပျိုး ထားကြောင်းသိရသည်။

 

ဧက(၁၀၀)ကျယ်ဝန်းသည့် အဆိုပါဘောခွီးနွားနောက် မျိုးထိန်း၊မျိုးပွားနှင့် သုတေသနခြံ အတွင်း လုပ်ငန်းစတင်အကောင်ထည်ဖော်လာပါက မွေးမြူရေးနှင့်ပတ်သက်သည့် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များအတွက် စာတမ်းပြုစုနိုင်ရန် သုတေသနပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)