မူဆယ်     ၈    ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် မိုးစပါးရာသီ မျိုးသန့်ပွား စံပြကွက် ဧက (၅၀)ရှိ တောင်သူများအား ကွန်ပေါင်းဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက နောင်လောင်းကျေးရွာအုပ်စုနောင်လောင်းကျေးရွာလူငယ်ဇရပ်၌ ထောက်ပံ့ ပေးအပ်သည်။

 

ဆက်လက်ပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စပါးသီးနှံတို့ကို ဆေးဝါးအဖြစ်ပြန်လည် အသုံးပြုနိုင်ရန်အတွက် အီးအမ်ဖျော်ရည်ပြုလုပ်သုံးစွဲနည်းကို တောင်သူများသိရှိပြီး ပြုလုပ်သုံးစွဲနိုင်ရန်ရည်ရွယ်၍ လက်တွေ့ပြုလုပ်ပြသမှု များဆောင်ရွက်ပေးသည်။

 

“ဒီဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်း၊ မျိုးသန့်တွေ ထုတ်လုပ်ပွားများလာပြီး ဓာတ်မြေဩဇာတွေကို အချိုးကျကျ၊ အချိန်ကိုက်စနစ်တစ်ကျအသုံးပြုတတ်လာစေရန်အတွက် ကွန်ပေါင်းဓာတ်မြေဩဇာကို ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ပါတယ်၊ အီးအမ်ဖျော်ရည်ပြုလုပ်နည်းကိုတော့ မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့ အရည်အသွေး ကောင်းမွန်ပြီး အာဟာရပြည့်ဝတဲ့ စပါးသီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ရွည်ရွယ်ပြီးတော့ လက်တွေ့ပြသဆောင်ရွက်ပေးတာပါ”လို့ မူဆယ်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းအောင်က ပြောသည်။

 

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်ဇော်၊ မူဆယ်ခရိုင် ခရိုင်ဦးစီးမှူးဒေါ်နန်းလွင်လွင်စိန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမင်းမင်းအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများတက်ရောက်ပြီး တောင်သူစုစုပေါင်း(၂၅)ဦးအား ကွန်ပေါင်းဓာတ်မြေဩဇာများကို (အခမဲ့) အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)