ပခုက္ကူ ၈ ဇူလိုင်
ပခုက္ကူပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေကြသော လူနာများအတွက် လာရောက်လှူဒါန်းသည့် သွေး များအသုံးပြုမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံ၊ သွေးလှူဘဏ်ဌာနမှ အထူးကုဆရာဝန်ကြီး (ရောဂါဗေဒ) ဒေါက်တာစောမြတ်သွယ်က ပခုက္ကူပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေကြသော လူနာများအတွက် လာရောက် လှူဒါန်းသည့် သွေးများအသုံးပြုမှုနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့၊ ပြည်သူ့ဆေးရုံကြီး ဆေးရုံအထောက်အကူပြုအဖွဲ့၊ သွေးအသုံးပြုမှုကြီးကြပ်ရေးအဖွဲ့နှင့် စေတနာသွေးလှူရှင်အဖွဲ့များက သွေးလာရောက် လှူဒါန်းရာတွင် ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများ၊ လှူဒါန်းသောသွေးအမျိုးအစားအလိုက် မည်သည့်နည်းလမ်းများဖြင့် အသုံးပြုသည်များကို မေးမြန်းကြရာ ဆေးရုံအုပ်ကြီးနှင့်သက်ဆိုင်ရာဆရာဝန်တို့က ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူနေသည့် လူနာများအတွက် သွေးများလှူဒါန်းသည့် စေတနာသွေးလှူရှင်များအား သွေးလှူဒါန်းသည့်အကြိမ်အရေအတွက်အလိုက် ဂုဏ်ပြုလွှာများ၊ ဂုဏ်ပြု အမှတ်တံဆိပ်များ ပေးအပ်မည့်အကြောင်းအရာများနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးကြရာ ၁၅ ကြိမ်နှင့်အထက် သွေးလှူဒါန်းသူများမှ စတင် ဂုဏ်ပြုသွားမည်ဖြစ်ပြီး ပခုက္ကူမြို့၊ပြည်သူ့ဆေးရုံသို့ ၅၀ ကြိမ်နှင့် အထက် သွေးလှူဒါန်းသူ ၄ ဦး၊ ၄၀ ကြိမ်နှင့်အထက် သွေးလှူဒါန်းသူ ၅ ဦး၊ ၃၀ ကြိမ်နှင့်အထက် သွေးလှူဒါန်းသူ ၁၂ ဦး၊ ၂၀ ကြိမ်နှင့်အထက် သွေးလှူဒါန်းသူ ၇၁ ဦး၊ ၁၉ ကြိမ် သွေးလှူဒါန်းသူ၁၄ဦး၊ ၁၈ကြိမ်သွေးလှူဒါန်းသူ ၁၂ ဦး၊ ၁၇ ကြိမ် သွေးလှူဒါန်းသူ ၂၄ ဦး၊ ၁၆ ကြိမ် သွေးလှူဒါန်းသူ ၂၄ ဦး၊ ၁၅ ကြိမ်သွေးလှူဒါန်းသူ ၃၆ ဦး စုစုပေါင်း ၂၀၁ ဦးရှိကြောင်း သိရသည်။
အဆိုပါသွေးလှူရှင်များကို သွေးလှူဒါန်းသည့်အကြိမ်အရေအတွက်လိုက် ဂုဏ်ပြုလွှာနှင့်ဂုဏ်ပြု အမှတ်တံဆိပ် များ သတ်မှတ်ပေးအပ်သွားမည်ဖြစ်ပြီး စေတနာသွေးလှူရှင် ၂၃၀ အတွက်လည်း ဂုဏ်ပြုအမှတ်တရ အင်္ကျီများ ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်


