မြောင်းမြ   ၈   ဇူလိုင်

 

စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကို  မြောင်းမြမြို့နယ် ၊ မြို့ဟောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၂  နာရီက ကျင်းပသည်။

 

“အမျိုးသားတွေအတွက် အခြေခံစက်ပြင်သင်တန်းဖွင့်လှစ်ခဲ့ပြီး  အမျိုးသမီးများ တန်းတူညီမျှ အခွင့်အရေးအတွက် အခု စက်ချုပ်သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။ ကျေးရွာပြည်သူတွေ အိမ်တွင်းမှုလုပ်ငန်းများနဲ့  တနိုင်တစ်ပိုင် ဝင်ငွေတိုးပွားစေရေး ရည်ရွယ်ပါတယ်” ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းစိုးက ပြောသည်။

 

အဆိုပါသင်တန်းကို ၂၀၂၀ ခုနှစ်  မတ် ၁၆ ရက်နေ့က ဖွင့်လှစ်သင်ကြားခဲ့ပြီး ကိုဗစ်-၁၉ အခြအနေ ကြောင့် ခေတ္တ ရပ်နားထားကာ ဇွန်လ အလယ်လောက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ကိုဗစ်မကူးစက်ရေး အလေးထား ဆောင်ရွက်ကာ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး  ကျွမ်းကျင်စက်ချုပ် သင်တန်းဆရာမ က အခြေခံအမျိုးသမီးဝတ် အင်္ကျီချုပ်နည်း (၁၉) နည်းကို တစ်လ သင်တန်းအဖြစ် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

 

သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ ခရိုင်ကျေးလက်ဒေသဦးစီးမှူး ဦးသင်းဦး ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးခိုင် နှင့်မြို့နယ် မြစိမ်းရောင်ကော်မတီအဖွဲ့ဝင်များ ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဝန်ထမ်းများ ၊  မြို့ ဟောင်း ၊ ကုန်းသာ ၊ ငါးရွာစု ၊ ပိန္နဲ ချောင်း ၊ ငါးမြင်းချောင်း ၊ အထက်စု ၊ ကြွက်နွယ်ချောင်း ၊ မြစိမ်းတောင် ၊ ညောင်ပင်ကြီး ကျေးရွာတို့မှ သင်တန်းသူ(၃၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင်ထူးချွန်သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အောင်မင်း(မြောင်းမြ)