မြင်းမူ ၈ ဇူလိုင်
၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီအဖွဲ့များတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က စစ်ကိုင်းခရိုင် မြင်းမူမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးကော်မတီ နာယက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အခမ်းအနားကျင်းပရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့်အ ခမ်းအနားသို့ တက်ရောက်လာကြမည့် ဖိတ်ကြားထားသည့် ဧည့်သည်များ၊ ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရေးအတွက် ကြိုတင် ပြင်ဆင် လုပ်ဆောင်ရန်ကိစ္စရပ်များနှင့်အတူဆပ်ကော်မတီအသီးသီး၏ လုပ်ငန်းများကြိုတင်ဆောင်ရွက် ထားရှိနိုင်ရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပသည့်ရက်တွင် အများပြည်သူများလေ့လာကြည့်ရှုနိုင်ရန် အတွက် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများ၏ ရာဇဝင်အကျဉ်းနှင့်ဓါတ်ပုံမှတ်တမ်းများကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ (မြင်းမူ)


