ပေါက် ၈ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် သဘာဝဘေး အန္တရာယ်ကြောင့် ဒေသခံတောင်သူများ သီးနှံပျက်စီးပျက်စီးဆုံးရှုံးမှုအပေါ် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲက ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပေါက်မြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုအပေါ် ဒေသခံတောင်သူ များ စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရာတွင် အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုသင်းက မြို့နယ် အတွင်းရှိ တောင်သူများ သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု အပေါ် နိုင်ငံတော်မှသီးနှံ ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ဒေသခံတောင်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းကိုက တောင်သူများ လယ်ယာကုန် ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးသည့် သီးနှံစိုက်ခင်းများအပေါ် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းကို၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချိုသင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် မိုးနှမ်းသီးနှံစိုက်ခင်း (၅၇)ဧကအတွက် တစ်ဧကလျှင် ထောက်ပံ့ငွေကျပ် ၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၈၅၀၀၀ အား ဒေသခံတောင်သူများထံ ထောက်ပံ့နိုင်ရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)


