တောင်ကြီး ၈ ဇူလိုင်
ပန်တောင်သဘာဝရေထွက်သည် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုလွိုင် ကျေးရွာအုပ်စု၊ ပန်တောင်ကျေးရွာတွင် တည်ရှိပါသည်။ ပန်တောင်သဘာဝရေထွက်သို့ တစ်နေ့ထက်တစ်နေ့ လာရောက် လည်ပတ်သူ များပြားပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် ရေထွက်ပတ်ဝန်းကျင် ညစ်ညမ်းသွားမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
“ဇွန်လထဲကမှ စပြီးလာလည်ကြတာ၊ ရေထွက်က ဟိုးအရင်တည်းကရှိနေတာပါ၊ လူတွေ သိပ်မသိတာရယ် လမ်းပန်းဆက်သွယ်ရေး မကောင်းတာရယ်ကြောင့် လာလည်တဲ့လူမရှိဘူး၊ အခုတော့ လာရောက်လည်ပတ်သူတွေ နေ့တိုင်း လိုလိုရှိနေတယ်၊ လာလည်တဲ့သူ တချို့က စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ကြတော့ ရေထွက်ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်လာတယ်၊ ကျွန်တော်တို့ နေ့တိုင်းသန့်ရှင်းရေး သွားလုပ်နေရတာ” လို့ ပန်တောင် ကျေးရွာမှ ရွာသူကြီး လုင်းစန္ဒာ၏ ပြောပြချက်အရ သိရသည်။
ဒေသခံများသည် ပန်တောင်သဘာဝရေထွက်က ထွက်ရှိသည့်ရေများကို သောက်ရေသုံးရေအဖြစ် အဓိက ရယူနေခြင်းဖြစ်ပြီး စိုက်ပျိုးရေးအတွက်လည်း အသုံးပြုနေရကြောင်း သိရသည်။ ပန်တောင်သဘာဝရေထွက် အနီးပတ်ဝန်းကျင်တွင် သက်တမ်းရင့် သစ်ပင်ကြီးများနှင့် ဝါးပင်များရှိသည့်အတွက်ကြောင့်လည်း လာရောက် လည်ပတ်သူများအတွက် စိတ်အပန်းဖြေရန် ကောင်းသည့် နေရာတခုဖြစ်နေကြောင်း သိရသည်။
“ဒီသဘာဝရေထွက်ကို လာရောက်လည်ပတ်သူများအနေနဲ့ မိမိရဲ့ စားကြွင်းစားကျန် အမှိုက်များကို စနစ်တကျစွန့်ပစ်ကြပါ၊ မိမိရဲ့ စွန့်ပစ်အမှိုက်ကြောင့် သဘာဝအလှတွေ မပျက်စီးသွားဖို့ ကျွန်တော်တို့လို လာလည် ကြတဲ့သူတွေအားလုံး သတိပြုသင့်ပါတယ်”လို့ လင်းခေးမြို့မှ လာရောက်လည်ပတ်သူ ဦးစိုင်းဆေဟန် က ပြောသည်။
မောက်မယ်မြို့နယ်တွင် သဘာဝရေထွက်၊ ရေတံခွန်များနှင့် လည်ပတ်စရာနေရာ များပြားသော်လည်း ယခု COVID-19 ကာလတွင် လူစုလူဝေးမပြုလုပ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်ကြောင့် လူအများသွားရောက်လည်ပတ်လေ့ရှိသည့် ရေတံခွန်နှင့် နေရာတစ်ချို့ကို ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။
ပန်တောင်သဘာဝရေထွက်ကလည်း ပြီးခဲ့သည့်လအတွင်း လာရောက်လည်ပတ်သူတချို့က လူမှုကွန်ယက်စာမျက်နှာတွင် တင်ခဲ့သည့်အတွက်ကြောင့် လူသိများလာကာ နေ့စဉ် လာရောက်လည်ပတ်သူ များပြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
#MRTV


