မြစ်ကြီးနား ၈ ဇူလိုင်

 

နှစ်စဉ် ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်မြဲဖြစ်သည့် အာဇာနည်နေ့အခမ်းအနားကို ယခုနှစ် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပြည်နယ် အဆင့်နှင့် ခရိုင်အဆင့်တို့တွင်သာ အကျဉ်းချုံးကျင်းပနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ညှိနှိုင်းဆွေးနွေးပွဲတွင် ကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပြည်နယ်အဆင့်တွင်သာ အကျဉ်းချုံး ကျင်းပပြုလုပ်သွားမည် ဖြစ်သော်လည်း ခရိုင်အဆင့်များမှ ပြုလုပ်လိုပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြု လုပ်ခွင့်ပေးမည်ဖြစ်ပြီး မြို့နယ်များတွင် ပြုလုပ်ကျင်းပခွင့်ကို ခွင့်ပြုမည်မဟုတ်ကြောင်း၊ အကျဉ်းချုံး ကျင်းပသွားမည်ဖြစ်သော်လည်း အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို စီစဉ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး၊ အစိုးရအဖွဲ့ညွှန်ကြားရေးမှူးက အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် ဦးစီးကော်မတီတို့၏ ညှိနှိုင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လုပ်ငန်းကော်မတီအလိုက် အာဇာနည်နေ့ အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်‌ရေး ညွှန်ကြားချက်များနှင့်အညီ လွမ်းသူ့ပန်းခွေချမည့် ဗိုလ်ချုပ်ပန်းခြံနေရာ၌ စီစဉ်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် မြို့တော်ခန်းမတွင် နေ့ဆွမ်းဆက်ကပ်သွားမည့် အစီအမံများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ အခမ်းအနားများကို လူဦးရေအကန့်အသတ်၊ အချိန်အကန့်အသတ်ဖြင့် အလေးထားကျင်းပနိုင်ရေး အကြံပြုဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် လုပ်ငန်းကော်မတီအသီးသီး၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အဆင်ပြေချောမွေ့ စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ အသီးသီးအနေဖြင့် လုပ်ငန်းတာဝန်များအပေါ် ကျေပွန်စွာ ဆောင်ရွက်ရေးနှင့် အဆင်ပြေချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။

 

ပြည်နယ်ပြန်/ဆက်